Nov 10, 2018
အသစ်သောအရာတွေ လုပ်ဆောင်ချင်တဲ့ဘုရားသခင်
ဖြစ်ဘူးသောအရာတို့ကို မအောက်မေ့ကြနှင့်။ ရှေးကာလ၏အရာတို့ကို ပမာဏမပြုကြနှင့်။ ကြည့်ရှုလော့။ အမှုသစ်ကို ငါပြုမည်။ ယခုပေါ်လာ လိမ့်မည်။ သင်တို့သည် အမှန်သိမြင်ရကြ လိမ့်မည်။ အကယ်စင်စစ် တော၌ လမ်းကို၎င်း၊ လွင်ပြင်၌ စီးသောရေကို၎င်း ငါဖန်ဆင်းမည်။ (ဟေရှာ ၄၃း၁၈-၁၉)
ဟေရှာယ၏ ရေးသားသောအရာမှာ ဣသရေလလူမျိုးတို့သည် ဘာမျှမရှိ ကတုံးဖြစ်နေသည့် သူတို့ တိုင်းပြည်အခြေအနေတွင် သူတို့သည် သူ့ကျွန် ဘဝရောက်နေသည်။ သူတို့သည် မည်သည့်အရာမျှ တော့ဟု ခံစားနေချိန်ဖြစ်သည်။ သူတို့သည် မိမိ၏ ဌာနကို လွမ်းဆွတ်နေချိန်တွင် ဘုရားသခင်က ကတိပြု ပြောဆိုထားသောအရာဖြစ်သည်။ ဣသရေလလူမျိုးတို့အနေဖြင့် ယခုအချိန်တွင် ဘုရားသခင် ပြုတော်မူမည့် အသစ်သော လုပ်ဆောင်ချက်များကို မျှော်လင့်နေမိသည်။ လက်ရှိ အခြေအနေတွင် ဘုရားသခင်က အခြေအနေဆိုးကို တွေ့ ကြုံစေ ခဲ့သော်လည်း ယခင်အတိတ်ကို ပြန်လည် စဉ်စားကြည့် ပါက အားရ စရာတွေ အများအပြားရှိသည်။ ထို့ကြောင့် ဣသရေလ လူတို့သည် အတိတ်ကို ပြန်စဉ်စားပြီး လက်ရှိအခြေအနေကို ငြီတွားနေကြသည်။ ထို့ကြောင့် ဘုရားသခင်က သူတို့ကို အထက်ပါ နှုတ်ခ ပတ်တော်ဖြင့် စကားပြောဆိုခြင်း ဖြစ်ပါသည်။ ထိုနှုတ်ခပတ်တော်ကို ဆင်ခြင် ကြည့်ကြပါစို့။
အောက်ပါအတိုင်း အဆင့် များခွဲကာ လေ့လာဆင် ခြင်နိုင်ပါသည်။
ပထမအချက်
အနေဖြင့် ဘုရားသခင်သည် သင့်အသက်တာထဲတွင် အသစ်သောအမှုပြုနိုင်ရန် သင်ကြည့်နေသော အမြင်များကို ပြောင်းလဲပစ်ရမည်။ နောက်ကို လှည့်မကြည့်ပါနှင့်။ အတိတ်ကိုသာ ထားခဲ့ပါ။
သင်သည် နောက်ကိုသာ လှည့်ကြည့်နေဦးမည်ဆိုပါက သင်သည် ရှေ့ကို မြင်နိုင်ပါဦးမည်လား။ အတိတ်ကိုသာ ထားခဲ့ပါ။ အသစ်သော အရာများက သင့်ထံသို့ အမြဲတမ်းရွေ့လျားနေချင်ပါသည်။ သင်ဟာ အတိတ်က အောင်မြင်မှုတွေ အပေါ်မှာ မည်သို့မျှ ရပ်တည်နေ၍ မရနိုင်ပါ။ အတိတ်အရာတွေကို မေ့ပစ်လိုက်ပါ။
ဣသရေလ လူတို့တွင် အတိတ်မှာ အောင်မြင်မှုတွေ အများအပြား ရှိထားသည်။ သူတို့၏အတိတ်သည် အလွန် အားရစရာ ကောင်းလှပါသည်။ ပြန်စဉ်းစား ကြည့်ပါ။ အောက်ပါအချက်များက သူတို့ သမိုင်း တစ်လျှောက်တွင် မည်သို့မျှ မေ့မရနိုင်သည့် အဖြစ်အပျက်များဖြစ်သည်။
  1. အဲဂုတ္တုပြည်မှ နိမိတ်လက္ခဏာများခံစားပြီး ထွက်ခွာနိုင်ခဲ့ခြင်း
  2.  ယေရိခေါ်မြို့ကို အောင်မြင်ခြင်း
  3. တရားသူကြီးခေတ် တစ်လျောက် ဦးဆောင်ခဲ့သော ခေါင်းဆောင်ကောင်းများ . . . အစရှိသည်ဖြင့် ပြန်လည်တွေးတောမိတိုင်း အားရစရာ ကောင်းနေ ပါသည်။ သို့သော် ထိုအောင်မြင်မှုများကို ပြန်လည် စဉ်စား ပြီး ယခုအချိန်တွင် သာယာနေ၍ မဖြစ်နိုင်တော့ချေ။
အခုချိန်မှာတော့ သူတို့ဟာ ကျွန်ဘဝကို ရောက်ရှိနေပါသည်။ အတိတ်မှ အောင်မြင်မှုများသည် သူတို့ကို လွတ်မြောက်ခြင်း ပေးနိုင်သည့် အခြေအနေတွင် မရှိပါ။ သူတို့အတွက် နိမိတ်လက္ခဏာအသစ်၊ အလုပ်သစ်၊ အခြေအနေသစ်များ လိုအပ်နေပါသည်။ ယခုအချိန်တွင် ဘုရားသခင် မိမိတို့ အတွက် ဘာတွေ လုပ်ပေးခဲ့ပြီဆိုသည်ကို စဉ်စားကြည်နူးရမည့် အချိန်မဟုတ်တော့်ပါ။ ထိုအရာများကို ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေရန် ပြန်လည် သက်သေခံနိုင်ပါသည်။ သို့သော် ထိုအရာများပေါ်တွင် ရပ်တည်နေ၍ မဖြစ်နိုင်ပါ။ လက်ရှိ အခြေအနေအရ စဉ်စားသင့်သော အရာများ (သို့) ဖြစ်သင့်သော မေးခွန်းများမှာ
ဘုရားသခင် ကျွန်တော်တို့အသက်တာကို မည်ကဲ့သို့ လုပ်ဆောင်ဘို့ အစီအစဉ်ရှိပါသနည်း။
ကျွန်တော်တို့ ဘုရားသခင်အတွက် မည်သည့်အရာများကို လုပ်ဆောင်ပေးရပါမည်နည်။
ဒုတိယအချက်
ခရစ်တော်ထံမှ အသစ်သောအရာတွေကို သင်မျှော်လင့်နေတယ်ဆိုရင် သင့်ရဲ့ ကျဆုံးခြင်းတွေကလည်း သင့်ကိုပိုင်ဆိုင်မှု မပြုပါစေနှင့်။ အတိတ်ကို လုံးဝ မဆက်ဆံပါနဲ့။
ဣသရေလ လူမျိုးများသည် ဘုရားသခင်ကို စိတ်ဆိုးစရာတွေ ပြုမူခဲ့ပြီး ဆုံးရှုံးမှုတွေကို ခံစားခဲ့ရသည်။ ဘုရားသခင်က ကောင်းကြီးမင်္ဂလာတွေကို အစဉ်သွန်းလောင်းခဲ့သော်လည်း သူတို့ကအမြဲတမ်း ဆိုးသွမ်းမှုတွေနှင့်သာ တုန့်ပြန်ခဲ့သည်။ သူတို့လုပ်ဆောင် ပုံတွေကို ပြန်စဉ်စားကြည့်လျှင် အမှန်တကယ် ဝမ်းနည်းစရာတွေ အများအပြားရှိနေသည်။ ဘုရားသခင်ကို ဤလူမျိုးကို အမှန်တကယ်ချစ်ပြီး အမှန်တကယ် ကောင်းကြီးပေးရန် ခေတ်အဆက်ဆက် ပြင်ဆင်ခဲ့သော်လည်း ပြစ်မှားမှုတွေနှင့်သာ တုန့်ပြန်ခဲ့ သည်။ ထိုအရာများကြောင့် ဣသရေလလူမျိုးတို့ ကျဆင်းခဲ့ရသည်။ အတိတ်သမိုင်းကြောင်းက အမှား တွေကို ပြန်လည် ဆင်ခြင်ကြည့်ပါက အောက်ပါ အတိုင်း တွေ့ရှိရပါသည်။
  1. ဘုရားသခင်က ဗိမ္မာန်တော်ပေးခဲ့သည်။ သူတို့က ရုပ်တုတွေကိုသာ ဝတ်ပြုကိုးကွယ်ခဲ့သည်။
  2. ဘုရားသခင်က သမ္မာတရားကိုပေးခဲ့သည်။ သူတို့က မုသာတွေနှင့်သာ အသက်ရှင်ခဲ့ကြသည်။
  3. ဘုရားသခင်က ပညတ်တော်တွေပေးခဲ့သည်။ သို့သော် လူတို့၏ အကြံညဏ်များကိုသာ အား ကိုးခဲ့ကြသည်။
  4. ဘုရားသခင်က ကြွယ်ဝခြင်းတွေပေးခဲ့သည်။ သူတို့က ထိုအရာများကို အပြစ်တင်မှုများဖြင့် ဆင်းရဲခြင်းလမ်းကိုသာ ရွေးချယ်ခဲ့ကြသည်။
  5. ဘုရားသခင်က ကိုယ်တိုင် သူတို့ထံသို့ ပေးကမ်းခဲ့သည်။ သို့သော်သူတို့ ငြင်းဆန်ခြင်းမှတစ်ပါး အဘယ်အရာကိုမျှ ပြန်လည် မပေးခဲ့ပါ။
ဣသရေလလူမျိုးများသည် ဘုရားသခင်ထံမှ မည်သည့်အရာများကိုမျှ လက်ခံရန် ထိုက်တန် သည့်သူများ မဟုတ်ကြချေ။ သူတို့ကို ဘုရားသခင်က ချစ်နေသေးသည်။ သူတို့ကို ကူညီချင်သေးသည်။ ဘုရားသခင်က ပြောသောစကားများမှာ အတိတ်ကို မေ့လိုက်ပါ။ ငါအသစ်သောအမှုကို ပြုမည်။
“ဆိုးသောသူသည် မိမိလမ်းကို၎င်း၊ မတရားသောသူသည် မိမိအကြံတို့ကို၎င်း၊ စွန့်ပစ်၍ ထာဝရဘုရား ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြု လျှင် သနားတော်မူလိမ့်မည်။ ငါတို့ ဘုရား သခင်ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူလိမ့်မည်။” (ဟေရှာ ၅၅း၇)
သင်သည် ဝိညာဉ်ရေးရာ အသက်တာကို ပိုမိုကောင်းကြီးမင်္ဂလာခံစားလိုပါလျှင် နားလည်ရမည့် အရာတစ်ခုမှာ မနေ့က ယုံကြည်ခြင်းကို သင်မှီခို နေ၍မရပါ။
အစ္စရေးလူမျိုးတို့၏ ဝိညာဉ်ရေး ကောင်းကြီမင်္ဂလာများမှာ အံ့သြစရာဖြစ်ပေသည်။ ပထမဦးစွာ ပဿခါပွဲ၊ ပင်လယ်နီ ဖြတ်ကျော်ခြင်း၊ ခါနန်ပြည် အောင်ပွဲ၊ ဗိမ္မာန်တော် တည်ဆောက်ခြင်း၊ ဣသရေလ လူမျိုးတို့တွင် ဘုရားသခင်၏ လက်တော် ကြီးမားပုံကို ခံစားရခြင်း၊ စသည်တို့သည် သူတို့၏ ယုံကြည်ခြင်းထဲမှာ ဘုရားသခင် အလုပ်လုပ်ဆောင် သွားပုံများဖြစ်ကြသည်။ သို့သော် ထိုအရာများသည် ယခုအချိန်တွင် ဣသရေလ လူမျိုးများကို ထိုယုံကြည် ခြင်းများက မည်သည့် ဖြစ်ထွန်း အောင်မြင်မှုကိုမျှ စွမ်းဆောင်ပေးနိုင် ခြင်းမရှိခဲ့ပါ။ အတိတ်က ယုံကြည်ခြင်းသည် သူတို့၏ပြဿနာများကို ပြန်လည်ဖြေရှင်းရန် မလုံလောက်ခဲ့ချေ။ သူတို့သည် လက်ရှိပြဿနာကို ဖြေရှင်းရန် အသစ်သော ယုံကြည်ခြင်းများဖြင့် အသက်ရှင်ရမည်ဖြစ်သည်။ အောက်တွင်ဖော်ပြထားသော ဆာလံကျမ်းက လက်ရှိအချိန်အတွက် အသက်ရှင်ရမည့် ပုံစံကို ဖော်ပြထား ပါသည်။ အတိတ်ကို ရည်ညွှန်းသော အသက်ရှင်မှုမပါဘဲ လက်ရှိ အချိန်ကိုသာ ရည်ညွှန်းပြောဆိုနေသည်။
ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို အမှီပြု၍ ဝမ်းမြောက်ပါမည့်အကြောင်း၊ တဖန်ကျွန်ုပ် တို့ကို အသက်ရှင် စေတော် မူမည် မဟုတ်လော။ အိုထာဝရဘုရား ကျွန်ုပ်တို့အား ကရုဏာတော် ကိုပြ၍ ကယ်တင်တော်မူခြင်း ကျေးဇူးကိုပြုတော်မူပါ။ ထာဝရအရှင် ဘုရားသခင်သည် အဘယ်သို့ မိန့်တော်မူမည်ကို ငါနားထောင်မည်။ အကယ် စင်စစ်၊ မိမိ သန့်ရှင်းသူ တို့အား ငြိမ်သက်ခြင်း အကြောင်းကို မိန့်တော်မူလိမ့်မည်။ သို့ရာတွင် မိုက်သော အကျင့်ကို မကျင့်ကြပါစေနှင့်။ (ဆာလံ ၅၅း၆-၈)
ဘုရားသခင်လုပ်ချင်သော အသစ်သောအရာကို မြင်တတ်ရမည်။ ထိုအရာကိုသာ အမှီပြုရမည် ဖြစ်ပါသည်။ သင့်အာရုံကို ရှင်းရှင်း လင်းလင်း ထားပါ။ ဘုရား သခင် သင့်အသက်တာမှာ လုပ်စေချင်သောအရာဟူသည်မှာ
ဖြစ်ဘူးသောအရာတို့ကို မအောက်မေ့ကြနှင့်။ ရှေးကာလ၏ အရာတို့ကို ပမာဏမပြုကြနှင့်။ ကြည့် ရှုလော့။ အမှုသစ်ကို ငါပြုမည်။ ယခုပေါ် လာလိမ့်မည်။ သင်တို့သည် အမှန် သိမြင်ရ ကြလိမ့်မည်။ အကယ်စင်စစ် တော၌ လမ်းကို၎င်း၊ လွင်ပြင်၌ စီးသောရေကို၎င်း ငါဖန်ဆင်း မည်။ (ဟေရှာ ၄၃း၁၈-၁၉)
သင့်အသက်တာကို သင်ကြည့်လိုက်တဲ့အခါ ဘာကိုမြင်တွေ့ပါသလဲ။ ပြဿနာတွေကို မြင်တွေ့ နေပြီလား။ သို့ဆိုပါလျှင် ဘုရားသခင်က သင့်အသက်တာထဲမှာ ကောင်းကြီးမင်္ဂလာကို စီးဆင်းစေမည့် လမ်းကြောင်းကို လုပ်ချင်သော ဘုရားဖြစ်သည်။ လွင်ပြင်တွေကို ဘုရားသခင်က ရေစီး ကြောင်းတွေ ပြု လုပ်ချင်သည်။
ဣသရေလ လူမျိုးများ ရွေးချယ်ရမည့်အရာများ ရှိနေပါသည်။ အတိတ်နှင့် ပစ္စုပ္ပန်အကြားတွင် ချိန်ညှိပြီးမြင်တတ်ဘို့ လိုအပ်ပါသည်။ ဘုရားသခင် ဘာလုပ်စေချင်ပါသလဲ။ ဘုရားသခင် လုပ်ဆောင်မည့် အရာမှာ
တော၌ လမ်းကို ငါပြုမည်ဟု ရေးသားထားပါသည်။
လွင်ပြင်မှာ စမ်းချောင်းလေးတွေကို ဖြစ်စေမည်ဟု ရေးသားထားပါသည်။ ထိုအရာများမှာ ဘုရား သခင်လုပ်ချင်သောအရာများ ဖြစ်ပါသည်။ ဆိုလိုသည်မှာ သင့်အသက်တာထဲမှာ ထူးခြားမှုတွေကို ဆောင်ရွက်ချင်ပါသည်။ သင်ကိုတိုင်က အတိတ်ကို အားကျခြင်းတွေ၊ အတိတ်ကို မုန်းတီးခြင်းတွေ မဖြစ်စေချင်ပါ။ အသစ်သောအရာကို ဘုရားသခင်လုပ်ချင်ပါသည်။ ဘုရားသခင် လုပ်ချင်တဲ့ ရည်၇ွယ်ချက်တွေကို သိစေဘို့ အတွက် ဘုရားသခင်ကသင့်ကို ဘယ်လိုကြည့်သလဲဆိုတာကို သင်ကိုယ်တိုင်က ဘုရားသခင်မြင်တဲ့ အမြင်မျိုးနဲ့ မြင်ကြည့်ဘို့ အရေးကြီးပါတယ်။ ဘုရားသခင် တည်ဆောက်စေချင်တဲ့ လမ်း တွေ၊ စမ်းချောင်းတွေဆို တာ အသက်တာထဲမှာ ထူးခြားတဲ့ အရာတွေဘဲ ဖြစ်တယ်မဟုတ်လား
တတိယအချက်
သင့်အသက်တာကို ဘုရားသခင်ရဲ့ အကြံအစည်တော်ထဲမှာ ဆက်ကပ်အသက်ရှင်ပါ။
ဘုရားသခင်သည် ဣသရေလလူများကို အဲဂုတ္တုမှ နို့နှင့်ပျားရည်စီးသော တိုင်းပြည် ခါနန်ပြည်သို့ ပို့ဆောင်ခဲ့သည်။ ရည်ရွယ်ချက်မှာ ကောင်းကြီး မင်္ဂလာခံစားစေဘို့ ဖြစ်သည်။ ကတိတည်ကြောင်းကို ပြသလို၍ဖြစ်သည်။ ထိုအရာမှာ အတိတ်ကဖြစ်သည်။ ယခုလည်း သူတို့သည် ဗာဗုလုန်တိုင်းနိုင်ငံကြီးမှ ဣသရေလ တိုင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပါသည်။ ရည်ရွယ်ချက်မှာ ထိုသူတို့ ကောင်းကြီးမင်္ဂလာ ခံစားစေဘို့ဖြစ်သည်။ အစ္စရေးနိုင်ငံသို့ ခေါ်ဆောင် လာခဲ့ပြီး ဖြစ်သည်။ ကောင်းကြီးမင်္ဂလာ ခံစားစေဘို့ဖြစ် သည်။ သူတို့သည် ယခုအချိန်တွင် ဘုရားသခင်ကို ဆက်လက်ငြင်းဆန်နေပါ သေးလျှင်၊ သူတို့သည် ဘုရားသခင်၏ဦးဆောင်ခြင်းကို ဆက်လက် ငြင်းပယ်နေပါသေးလျှင် သူတိုသည် သေခြင်းတွင် ပျက်စီးရတော့မည် ဖြစ်သည်။
ဘုရားသခင်သည် သင့်အသက်တာတွင် လုပ်ဆောင်ချင်သောအရာတွေ အများအပြားရှိနေပါသည်။ ဆက်လက် ပြင်ဆင်ပေးမည့်အရာတွေ ရှိနေပါ သည်။ ကိုယ်တော်၏နောက်ကိုသာ လိုက်ကြပါ။
ထာဝရဘုရားသည် ငါတို့၏ ဘုရားဖြစ်တော်မူ၏။ ငါတို့သည်လည်း အထံတော်၌ ကျက်စားသောသူ၊ လက်တော်အောက်၌ နေသော သိုးစု ဖြစ်ကြ၏။ ယနေ့တွင် သင်တို့သည် ဗျာဒီတ်တော် အသံကိုကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ သင်တို့အဘများသည် အနှစ်လေးဆယ် ပတ်လုံး ငါ့ကို အနည်းနည်းစုံစမ်း၍၊ ငါ၏အမှုတို့ကို မြင်ရသော တောတွင် ငါ့ကိုဆန့်ကျင်ဘက်ပြု ၍၊ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိကြစေနှင့်။ (ဆာလံ ၉၅း၇-၉)
ကျွန်တော်တို့၏ လက်ရှိအခြေအနေတွင် ခက်ခဲမှုများ အဆင်မပြေမှုများ ကြုံတွေ့နေရသောအချိန် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဣသရေလ လူမျိုး များတွင် သွန်သင်ခဲ့သော အထက်ပါ အချက်သုံးချက်ဖြင့် တည်ဆောက်ခွန်အားယူနိုင်ကြပါစေ။ (အာမင်)
နာမတော်မြတ်၌
Rev. ဦးမင်းလွင်
ကိုးမိုင်ခရစ်ယာန်အသင်းတော်
Oct 15, 2018
နာမတော်၏တန်ခိုး
တမန်တော် ၃း၁-၁၁
    ထိုအခါ ပဌနာပြုရသော သုံးချက်တီးအချိန်၌ ပေတရုနှင့်ယောဟန်တို့သည် ဗိမာန် တော်သို့ တက်ကြသည်ရှိသော်၊ အမိဝမ်းတွင်းကပင် ခြေမစွမ်းသောသူတယောက်ကို သူ တပါးတို့သည် ထမ်းလျက်လာကြ၏။ ဗိမာန်တော်သို့ ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကို ခံစေ ခြင်းငှါ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကိုထားလေ့ရှိ၏။ ပေတရုနှင့် ယောဟန် တို့ သည် ဗိမာန်တော်သို့ ဝင်မည်လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲပါဟု တောင်း လေ၏။ ထိုအခါ ပေတရုနှင့်ယောဟန်တို့သည် ထိုသူကို စေ့စေ့ကြည့်ရှု၍ ငါတို့အား မျှော် ကြည့်လော့ဟု ဆိုလျှင်၊ ထိုသူသည် တစုံတခုကိုရမည်ဟု စိတ်ထင်နှင့် တမန်တော်တို့ကို မျှော်ကြည့်လျက်နေ၏။ ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ၊ ရှိသည်အရာကို သင့်အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့ဟု ဆိုလျက်၊ သူ၏ လက်ျာလက်ကို ကိုင်ဆွဲချီကြွလေသောခဏချင်းတွင်၊ ခြေနှစ်ဘက် ဖမျက်စိတို့သည် စွမ်း အားကိုရသဖြင့်၊ ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန် လျက် ဘုရားသခင်ကိုချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ၏။ ထိုသို့ လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည် မြင်သောအခါ၊ ထိုသူသည် ဗိမာန်တော်၏ တင့်တယ်တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည် ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည်အမှုကို အံ့သြ မိန်းမောတွေဝေခြင်းရှိ၍၊ ထိုသူသည် ပေတရုနှင့်ယောဟန်ကို အမှီပြုလျက်ရှိရာအရပ်၊ ရှောလမုန်ကနားပြင် အမည်ရှိသော ကနား ပြင်သို့ ပြေးဝင်ကြ၍ စုဝေးကြ၏။
နိဒါန်း
    အထက်ဖေါ်ပြပါ ကျမ်းပိုဒ်သည် ကျွန်တော်တို့အတွက် ပြည့်စုံကောင်းမွန်သော ကယ်တင်ခြင်းကို မျှော်လင့်ချက်မဲ့နေသော သူတို့အား မေတ္တာတော်ကြီးမားစွာဖြင့် အခမဲ့ ပေးတော်မူကြောင်း ဖော်ပြသော ဆန်းကျယ်လှသည့် အဖြစ်အပျက် ကျမ်းပိုဒ် ဖြစ်ပါသည်။
    ကျမ်းတော်မြတ်တွင် ဘုရားသခင်မပါသော ကျွန်ုပ်တို့၏အခြေအနေ ဘ၀အမျိုးမျိုး အဖုံဖုံကို အရောင်အသွေးစုံ ဆေးရောင်ခြယ် ရှုထောင်စုံ ပန်ချီးကားတစ်ချပ်၏ သဖွယ် ဖော် ကျူးထားသော အဖြစ်အပျက်များကို မြင်တွေ့ ခံစားဘူးပေလိမ့်မည်။ ယခုဖော်ပြပါကျမ်းပိုဒ် အဖြစ်အပျက်ထဲတွင် ကျွန်ုပ်တို့ကိုယ်တိုင် စွမ်းဆောင်ရည်ကင်းမဲ့နေသောသောဝများ၊ စုံလင် မှန် ကန်သော ကယ်တင်ခြင်းနည်းလမ်းစဉ်များ၊ ကယ်တင်ခြင်းရရှိပြီးနောက် ခံစားနိုင်သည့် ကောင်းကြီးမင်္ဂလာများနှင့်အတူ သခင်ယေရှုခရစ်တော်၏ လှပပြည့်စုံကောင်းမွန်လှသည့် တန်ခိုးတော်အကြောင်းများကို ဤကျမ်းပိုဒ်ထဲတွင် မြင်တွေ့ ခံစားနိုင်မည် ဖြစ်သည်။
    ဤကျမ်းပိုဒ် အဖြစ်အပျက်ထဲတွင် တမန်တော်ကြီးများဖြစ်သော ပေတရုနှင့် ယော ဟန်တို့သည် သူတို့တွင် မရှိသော ရွှေ၊ ငွေများကို ခြေမစွမ်းသော သူတောင်းစားထံ မပေး ကမ်းနိုင်ခဲ့ပါ။ သို့သော် သူတို့ လုပ်ဆောင်ခဲ့သောအရာမှာ သခင်ယေရှုခရစ်တော်နှင့် ထိုအ ရှင်၏ တုနှိုင်းမရှိသော တန်ခိုးတော်အားဖြင့် ကယ်တင်ခဲ့ပြီး စုံလင်ကောင်းမွန်သော ကျန်းမာ ခြင်းကို ရရှိစေခဲ့သည်။
    တမန်တော် ပေတရုက ”နာဇရက်မြို့သား ယေရှုခရစ်တော်၏ နာမ၌ ထ၍လှမ်း သွားလော့” ဟူသော စကားမျှသာ ပြောကြားပေးရုံ ဖြစ်သည်။ (တမန် ၃း၆)
    ထိုစကားကို အပြောခံရသော ခြေမစွမ်းသော သူတောင်းစားသည် ထ၍ လမ်း လျှောက် ရုံမျှသာ သူပြုရမည်ဖြစ်သည်။ သို့သော်လည်း ထိုခြေမစွမ်းသူသည် ထ၍ လမ်း လျှောက် ရုံမျှသာ ပြုခဲ့သည်မဟုတ်ဘဲ ထိုထက်ပို၍ လုပ်ဆောင်ခဲ့သည်။ “ကလျှက် ခုန်လျက်  ဘုရားသခင်ကို ချီးမွန်းလျက်” (အခန်းငယ် - ၈) ဟူ၍စကားလုံး စာသားလေးများ က အံ့သြ ဘွယ် လုပ်ဆောင်ခဲ့သော သူ၏ လုပ်ဆောင်မှုကို တွေ့ရသည်။  
    အထက် ဖော်ပြပါ အကြောင်းအရာများကို အသေးစိတ် ပြန်လည်ဆင်ခြင် အောက် မေ့ပြီး ကျွန်ုပ်တို့လည် ခံစားရယူနိုင်သော နှုတ်ကပတ်တော်က သင်ကြားပေးသည့် ကယ် တင်ခြင်းအကြောင်းကို လေ့လာကြပါစို့။ ကျမ်းပိုဒ်ထဲတွင်
နံပါတ် (၁) စိတ်ပျက်စရာ ဘ၀ပေး အခြေအနေ
က။ ခြေမစွမ်းသူ
    ပထမဆုံးအနေနဲ့ သူဟာ အမိဝမ်းတွင်းမှာကတည်းက ခြေမစွမ်းသူပါ။ (အခန်းငယ် - ၂) တွင် ဖော်ပြထားသည်မှာ “အမိဝမ်းတွင်းကပင် ခြေမစွမ်းသူ” ဟု ဖော်ပြထားသည်။ စဉ်းစားကြည့်ပါ။ ဘယ်လောက်ဆိုးရွားလှတဲ့ အခြေအနေပါလဲ။ အရပ်စကားဖြင့် ပြောရလျှင် သူဟာ ဘဝကြမ္မာဆိုးထဲမှာ လူ့လောကကြီးထဲ ရောက်ရှိလာသူပါ။
    ထိုခြေမစွမ်းသူ၏ ဘ၀တွင် တစ်ခါမျှ လမ်းမလျှောက်ဘူးပါ။ ထိုသူ၏ဘ၀က သက် ရှိဟု ပြော၍ ရရုံမျှသာ ဖြစ်ပါသည်။ ထိုကျမ်းပိုဒ်က ပြောသော “အမိဝမ်းကပင် ခြေမစွမ်းသူ” ဟု ဆိုရာတွင်
    သင်နှင့် ကျွန်ုပ်တို့၏ ဘ၀များသည်လည်း ဒုက္ခဝေဒနာများနှင့် မွေးဖွားလာသည်ကို မမေ့ပါနဲ့။ ကြမ္မာဆိုးတွေ ရှိနေတဲ့ဘ၀ ဆိုလျှင်လည်း မမှားပါ။ ဤခြေမစွမ်းသူကဲ့သို့ပင် ခက် ခဲကြမ်းတမ်းသော ဘ၀များ ရှိနေခဲ့သည်။ ထိုကြမ္မာဆိုး ဆိုသည်မှာ အပြစ်တရားပင် ဖြစ် သည်။ ကျွန်ုပ်တို့သည် ထိုဆိုရွားလှသည့် အရာကြီး အတူပါပြီး လူလောကထဲသို့ ရောက်ရှိ လာခဲ့ကြသည်။
    ဆာလံ ၅၁း၅ တွင် ဖော်ပြထားသည်။ “အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါ လျက်ရှိပါ၏၊၊ အမိဝမ်းထဲမှာ ပဋိသန္ဓွေ ယူစဉ်ပင် အပြစ်စွဲပါ၏၊၊”
    ဆာလံ ၅၈း၃ ကပြောသေးတယ်။ “မတရားသောသူတို့သည် အမိဝမ်းထဲမှစ၍ ရိုင်းသောသဘောရှိကြ၏၊၊ မွေးကတည်း ကလမ်းလွဲ ၍ မုသာစကားကို ပြောတတ်ကြ၏၊၊” ဟူ၍ ဆိုထားပြန်ပါသည်။
ခ။ ခြေမစွမ်းရုံမျှမက ကိုယ့်ကိုကိုယ် မရပ်တည်နိုင်သူ
    (အပိုဒ်ငယ် - ၂) တွင် ပြောပြထားသည်မှာ “သူတပါးတို့သည် ထမ်းလျက်လာကြ၏။ ဗိမာန်တော်သို့ ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကိုခံစေခြင်းငှါ၊ တင့်တယ်အမည် ရှိသော တံခါး နားမှာ ထိုသူကိုထား လေ့ရှိ၏။”
    ဤခြေမစွမ်းသူမှာ တစ်စုံတစ်ယောက်က ပို့ဆောင်မှသာ သူတောင်းရမ်းရမည့် နေရာဖြစ်သော တင့်တယ်တံခါးကို ရောက်ရှိလာသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ထိုလူ သည် မိမိကိုယ်မိမိ ရပ်တည်နိုင်ရန် အစဉ်မပြေလှချေ။ သူတစ်ပါးကိုသာ အစဉ်မှီခိုနေရသူ တစ်ဦး ဖြစ်သည်မဟုတ်ပါလော။
    သူသည် မိမိ၏ကျန်းမာခြင်းအတွက် ဆရာဝန်ထံသို့လည်း မသွားနိုင်၊ ဆေးပစ္စည်း များလည်း မိမိကိုယ်တိုင် သွား၍မ၀ယ်နိုင်၊ ဆေးလည်း မသောက်နိုင်၊ တစ်စုံတစ်ခုမျှ မလုပ် နိုင်။ ဆိုလိုသည်မှာ သူ့ကိုယ်တိုင်အတွက် ကောင်းခြင်း၊ ဆိုးခြင်းကို မစွမ်းဆောင်နိုင်၊ ကိုယ် တိုင် ကြိုးစားအားထုပ်မှုကို မပြုနိုင်၊ ဘာသာရေး လုပ်ဆောင်မှုများ မရှိနိုင်၊ ပေးကမ်းခြင်း လည်း မလုပ်နိုင်။ 
    ထိုခြေမစွမ်းသော သူတောင်းစားကြီးကဲ့သို့ပင် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် ကျွန်ုပ် တို့၏ ၀ိညာဉ်ပိုင်းဆိုင်ရာ ကောင်းကျိုးအတွက် ဘာမျှ လုပ်ဆောင်နိုင်ခြင်းမရှိ။ အပြစ်မှ လွတ် ကင်းရန် ကြိုးစားအားထုပ်နိုင်ခြင်းမရှိ။ ဘာသာတရားများ၊ ပေးကမ်းခြင်းများ၊ ဆယ်ဖို့တစ်ဖို့ လှူဒါန်းခြင်းများ၊ ကောင်းသောလုပ်ဆောင်မှုများအားလုံးသည် ဘုရားသခင်၏ရှေ့တွင် စိတ် ပျက်ဘွယ် အခြေအနေ ရှိနေသည်မဟုတ်ပါလား။ ကျွန်တော်တို့၏ ဘ၀အခြေအနေမှာ အ ပြစ်တရားထဲမှ ကယ်သူမဲ့သောဘဝ၊ ဘုရားသခင်ထံမှ ဖြောင့်မက်ခြင်းကို ရယူခံစားနိုင်ရန် မစွမ်းဆောင်နိုင်သော ဘ၀ဖြစ်နေသည်။
ရောမ ၅း၆-၈ တွင်ဖော်ပြထားသည်မှာ
    “ငါတို့သည်အကျိုးနည်းရှိစဉ်တွင် အချိန်ဘန်မှ ခရစ်တော်သည် မတရားသော သူ တို့အတွက်ကြောင့် အသေခံတော် မူ၏။ ဖြောင့်မတ်သောသူ အတွက်ကြောင့် အသေခံမည့် သူရှိခဲ၏။ သူတော်ကောင်းအတွက်ကြောင့် အသေခံဝံ့သောသူ ရှိကောင်းရှိလိမ့်မည် မှန်စေ တော့။ ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူ သည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှ လောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြ တော်မူ၏။”
    ကျွန်တော်တို့ ဘာမျှ မလုပ်ဆောင်နိုင် (သို့မဟုတ်) လုပ်ဆောင်နိုင်စွမ်း မရှိပါ။ သို့သော် သခင်ယေရှုက ကျွန်ုပ်တို့အတွက် ကြီးသောအမှုကို လုပ်ဆောင်ပေးခဲ့ပါပြီ။
ဂ။ ဗိမ္မာန်တော်၏အပြင်ဘက်တွင်သာ နေရသော အခြေအနေ
    ထိုခြေမစွမ်းသူ၏ လက်တွေ့ဘဝအခြေအနေကို ကြည့်လိုက်ပါ။ သူသည် ဗိမ္မာန် တော်သို့ တောင်းရမ်းစားသောက်ရန် နေ့စဉ် ရောက်ရှိနေသော်လည်း ဘုရားသခင် တည်ရှိ ရာ ဗိမ္မာန်တော်၏ ပြင်ပတွင်သာ နေထိုင်ရသောဘ၀ဖြစ်သည်။ ဘုရားသခင်ထံမှ ခြားနား သောနေရာတွင် နေ့စဉ် ရှိနေသည်။
    ကြည့်ရှုလော့။ ထာဝရဘုရားသည် မကယ်မတင်နိုင်အောင် လက်တော်တိုသည် မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည်မဟုတ်။ သင်တို့ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့်ကွာစေပြီ။ ကြားတော်မမူစေခြင်းငှါ၊ သင်တို့အပြစ်သည် မျက်နှာတော်ကိုလွှဲ စေပြီ။
ဃ။ သနားစရာ သူတောင်းစားလေးပမာ
    ကျွန်ုပ်တို့သည် လစ်လျူရှုခံရသော သနားစရာ သူတောင်းစားလေးများသာ ဖြစ် တော့သည်။ အငယ် ၂ တွင် ဖော်ပြ သည်မှာ “ဗိမာန်တော်သို့ ဝင်သောသူတို့မှာ စွန့်ကြဲ ခြင်း ကိုခံစေခြင်းငှါ”
    သင့်ဘ၀ထဲတွင် ယေရှုခရစ်တော်မရှိသေးလျှင် သင်သည် ငြိမ်သက်ခြင်းများ၊ ကျေ နပ်အားရခြင်းများကို ရရှိခံစားရန် မျှော်လင့်ခြင်းကြီးစွာဖြင့် လူများထံ တောင်းရမ်းရသော ဘ၀ဖြစ်နေလိမ့်မည်။
    ဘုရားသခင်သာလျှင် ပေးစွမ်းနိုင်သော ထိုအရာများကို ရရှိရန် လူအချို့သည် မှား ယွင်းသောနေရာတွင် ပင်ပန်းကြီးစွာ တောင်းရမ်းနေကြသည်။ လူအချို့သည် သူတို့ချစ်မြတ် နိုးသောသူများ (သင့်ဇနီး၊ သင့်သားသမီး၊ သင့်မိဘ၊ သင့်သူငယ်ချင်း စသော သူများ) ထံ တွင် ရနိုင်မည်ထင်ပြီး မျှော်လင့်တကြီး တောင်းရမ်းနေကြသည်။ သို့သော် ထိုလူများ ကိုယ် တိုင်က ထိုအရာများမရှိသဖြင့် သင့်ကို ဂရုမစိုက်ကြချေ။ ငြိမ်သက်ခြင်း၊ ကျေနပ်အားရခြင်း များသည် ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းများနှင့် သက်ဆိုင်မှုမရှိပါ။ ထိုရုပ်ပိုင်း ဆိုင်ရာပစ္စည်းများရှိရုံ ဖြင့် ပြည့်စုံကောင်းမွန်သော အခြေ အနေများကို မဖန်တီးနိုင်ပါ။
    ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းဟု ဆိုရာတွင် အချို့က ကား၊ အချို့က အိမ်၊ အချို့က အ၀တ်အထည်၊ အချို့က ဖုန်း အစရှိသော အရာများဖြစ်ကြသည်။ ထိုအရာများ မည်မျှပင် ရသောလည်း တောင်း၍မဆုံးနိုင်တော့။ အကြောင်းမှာ မိမိရရှိထားသော အရာများသည် ခေတ်မမှီ တော့ခြင်း၊ ပျက်စီးသွားခြင်းတို့ကြောင့် တောင်း၍ မဆုံးနိုင်သောဘ၀။
    အချို့လူများက ငွေသည် မိမိတို့၏ ပျော်ရွှင်ခြင်းနှင့် ၀မ်းမြောက်ခြင်းကို ဆောင် ယူပေးမည်ဟု ထင်မြင်ကြသည်။ သို့သော်လည်း ထိုငွေသည် ဘယ်သောအခါမျှ ကျေနပ်အား ရခြင်းကို မဖြစ်စေခဲ့။
    လူတစ်ယောက်သည် နှစ်ဆယ်ရာစုနှစ် ခေတ်ဦးကာလတွင် အလွန်ကြွယ်ဝချမ်း သာသော ရေနံသူဌေးကြီးဖြစ်သော John D. Rockerfeller ကို “ငွေတွေက ပျော်ရွှင်မှုကို ဘယ်လောက် ခံစားနိုင်ခဲ့ပါသလဲ” ဟူ၍ မေးမြန်းခဲ့သည်။ သူဌေးကြီးက ပြန်ဖြေခဲ့သည်မှာ “နဲနဲပါးပါး ပါဘဲ” ဟူ၍ဖြစ်သည်။
    အချို့လူများက ငြိမ်သက်ခြင်းနှင့် ကျေနပ်အားရခြင်းများသည် ဖျော်ဖြေရေးအစီအ စဉ်များ၊ မူရစ်ဆေးဝါးများ၊ အရက်သေစာများထဲတွင်ရှိသည်။ ထိုအရာများက လက်ရှိပြဿ နာ အခက်အခဲများမှ လွတ်မြောက်နိုင်သည်ဟု ထင်မြင်ကြသည်။ ထိုအရာများဖြင့် မိမိတို့ ၏ နှလုံးသားတွင် ဖြည့်နေကြသည်။ သို့သော် နောက်ဆုံးတွင် ဘာမျှမကျန်ခဲ့။ ဘာမှဖြစ်မ လာခဲ့။ မိမိ၏ဘဝသာ လုံးပါးပါးသွားခဲ့သည်။ ပြဿနာတွေထဲ တဖန်ပြန်ရောက် လာသည်။ အခက်အခဲတွေက ပြန်လည်နှုတ်ဆက်နေသည်။ ၀မ်းနည်းခြင်း မျက်ရည်တွေက မိမိဘ၀ထဲ မှာ ကခုန်နေကြသည်။ လွဲမှားသော ရှာဖွေမှုကြောင့် ခေတ္တခဏ ငြိမ်သက်ခြင်းရသလို ဖြစ်ခဲ့ သော်လည်း ထူးမခြားနားသော ဘ၀ကို ပြန်လည်ခံစားရပြန်သည်။
    ကျွန်ုပ်ဆိုလိုသည်မှာ ပြဿနာ၏အဖြေသည် ထိုအရာများ မဟုတ်ကြောင်း မီး မောင်း ထိုးပြခြင်းဖြစ်ပါသည်။ သင့်ဘ၀သည်လည်း ထိုခြေမစွမ်းသူကဲ့သို့ပင် ငွေကြေး တောင်း ရမ်းခြင်းကြောင့် ခေတ္တခဏတော့ အဆင်ပြေသလို ရှိနေသည်။ သို့သော် သူတကယ် လို အပ်နေသည်မှာ ကျန်းမာခြင်းရရန် ၊ ထိုဘ၀က လွတ်မြောက်ရန် ဟူသော အရာဖြစ် သည်။
    လူအချို့ဟုဆိုရာတွင် ကျွန်ုပ်နှင့် သင်ကိုယ်တိုင်ပင်ဖြစ်သည်ကို မမေ့ပါနှင့်။ ထိုခြေမ စွမ်းသူသည် အမှန်တကယ်ပင် ကျန်းမာခြင်းရရှိရန် ယေရှု၏တို့ထိမှု လိုအပ်နေပါသည်။ သင် နှင့် ကျွန်ုပ်တို့၏ဘ၀တွင်လည်း ယေရှု လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် ခေတ္တခဏသာ အ ထောက်အကူဖြစ်သော ထိုအရာများ မလိုအပ်တော့ပါ။ အရှင်သခင်ယေရှုခရစ်တော်၏ လက်တော်ဖြင့် ကျွန်ုပ်တို့ဘ၀အတွက် ကြီးသော တန်ခိုးတော် ခံစားရရန် အရေးကြီးလိုအပ် နေပါသည်။
ထို့ကြောင့် ပထမအချက်အနေဖြင့် ကျွန်ုပ်တို့တွင် ကြမ္မာဆိုး အခြေအနေ ရှိနေသည်။
နံပါတ် (၂) လူတွေက သူ့ကို ဂရုစိုက်ကြတယ်ဆိုတာကို သတိရပါ။
    ထိုခြေမစွမ်းသူကို တင့်တယ်တံခါးဝသို့ နေ့စဉ်နေ့တိုင်း လာရောက်ပို့ဆောင်ခြင်းနှင့် ပြန်လည်ခေါ်ဆောင်ခြင်းကို ပြုလုပ်သူ တစ်စုံတစ်ယောက် ရှိနေသည်ကို သင်တွေ့ရပါလိမ့် မည်။ တစ်စုံတစ်ယောက်က သူ့ကို ကျွေးမွေးခြင်းနှင့် ဂရုစိုက်ခြင်း မပြုနိုင်သော်လည်း သူ့ကို ချစ်သောသူများက သူ့ကို ကူညီနေသည်ကို တွေ့ရမှာပါ။
    အငယ် - ၂ တွင် “ အမိဝမ်းတွင်းကပင် ခြေမစွမ်းသောသူ တယောက်ကို သူတပါးတို့ သည် ထမ်းလျက်လာကြ၏။”
မည်သူက သူ့ကို တင့်တယ်တံခါးသို့ ခေါ်လာပါသနည်း။
    ထိုခြေမစွမ်းသူကို ချစ်သောသူ/ ဂရုစိုက်သောသူ တစ်စုံတစ်ယောက်က ခေါ်ဆောင် လာခြင်းဖြစ်သည်။ သင်သည် ဤနေရာသို့ ခရစ်တော်မရသေးဘဲ ရောက်ရှိခဲ့သည် ဆိုပါက  ဆိုရင် သင့်ကို ဂရုစိုက်သောသူ၊ သင့်ကို ချစ်သောသူ၊ သင့်အကျိုးကို လိုလားသောသူ တစ်စုံ တစ်ယောက်က သင့်ကို ခေါ်လာခဲ့ခြင်း ဖြစ်သည်ကို သင်သိထားပါ။ သင့်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားစေချင်သည်။ သင့်ကို ဧ၀ံဂေလိ သတင်းကောင်ကို ကြားစေချင်လို့၊ သင့်အပြစ်တွေကို ခွင့်လွတ်ခြင်း ခံစားစေချင်လို့ ဒီနေရာကို ပို့ဆောင်သောသူ ရှိတယ်ဆိုတာ သင်သိထားစေချင်ပါတယ်။
    အကယ်၍ သင်သည် သခင်ယေရှုကို ယုံကြည်သူ တစ်ဦးဖြစ်ပါက သင့်ရဲ့ အခန်း ကဏ္ဍ မည်မျှ အရေးကြီးသည်ကို သင်မြင် ရပါလိမ့်မည်။
    ထိုခြေမစွမ်းသူကို တမန်တော်ကြီး ပေတရုနဲ့ ယောဟန်ကို တစ်ခါမျှ မမြင်မတွေ့ ဘူးတာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တမန်တော် ပေတရုဟာလည်း သူချစ်တဲ့သူတွေ၊ သူဂရု စိုက်တဲ့သူတွေ၊ သူကို သစ္စာရှိသောသူများအားလုံးကို ကျန်းမာခြင်းရရန်အတွက် တစ်ခါမျှ လုပ်ဆောင်မပေးဘူးတာလည်း သင်အသိပင်ဖြစ်ပေလိမ့်မည်။ သို့သော် တမန်တော်ကြီး ပေတရုသည် ခြေမစွမ်းသော သူတောင်းစားကို ခရစ်တော်နှင့် မိတ်ဆက်ပေးခဲ့ပြီး ခရစ်တော် ၏ တန်ခိုးတော်ကို ခံစားစေခဲ့သည်။ သင့်ချစ်သောသူများကို ဧ၀ံဂေလိတရားကြားရန်၊  ဘုရားသခင်၏ ကောင်းမြတ်ခြင်းများကို မြင်တွေ့ခံစားရန်၊ သူတို့ ကျန်းမာခြင်း ကောင်းကြီး မင်္ဂလာများ ခံစားရန် သူတို့ကို ကျွန်ုပ်တို့ သက်သေခံဘို့ လိုအပ်ပါသည်။
နံပါတ် (၃) ခြေမစွမ်းသောသူ ကျန်းမာခြင်းရရှိသည်ကို သတိပြုပါ။
    ယခု ခြေမစွမ်းသူသည် သခင်ယေရှု၏နာမတော်အားဖြင့် ကျန်းမာခြင်း ရရှိခံစား သွားခဲ့ပါပြီ။ ခြေမစွမ်းသောသူ၏ ကျန်းမာ ခြင်းနှင့်ပတ်သတ်ပြီး ကျွန်ုတို့ ဆင်ခြင်လေ့လာရ မည့် အချက် (၄)ချက် ရှိနေပါသည်။
က။ ကျန်းမာပြီဆိုသည်ကို ချက်ခြင်း သိရှိသည်။
     (အခန်းငယ် - ၇) တွင် “သူ၏ လက်ျာလက်ကို ကိုင်ဆွဲချီကြွလေသောခဏချင်းတွင်၊ ခြေနှစ်ဘက်ဖမျက်စိတို့သည် စွမ်းအားကိုရသဖြင့်၊ ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။”
    ထိုအဖြစ်အပျက်ကို သင်၏မျက်စိတွင် မြင်ကြည့်/ခံစားကြည့်ပါ။ ထိုခြေမစွမ်းသူ သည် ကျန်းမာခြင်းရပြီးနောက် ချက်ခြင်းပင် အရူးတစ်ယောက်လို ခုန်ပေါက်နေလိမ့်မည်။ သူချက်ခြင်း သိခဲ့ပါသည်။ သူကျန်းမာပြီး၊ သူ၏ခြေထောက်များ ပြန်လည်ကောင်းမွန်သွားပြီ ဆိုသည်ကို ဘယ်သူမျှ မပြောဘဲ သိခဲ့ပါသည်။ ယခုအခါ သူသည် မည်သူ၏ အကူအညီမျှ မလို အပ်တော့ပါ။ သူဘ၀ကြီးတစ်ခုလုံး အိပ်မက်ပမာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပါပြီ။
    အလားတူပင် အပြစ်နွံထဲတွင် နစ်နေသော အပြစ်သားတစ်ယောက် ကယ်တင်ခြင်း ရရှိလျှင်လည်း ထိုနည်းတူပင် ဖြစ်ပါသည်။ ကယ်တင်ခြင်း ရရှိသည်ဟုဆိုရာတွင် တဖြည်း ဖြည်းခြင်း ရရှိလာသည်မဟုတ်ပါ။ တစ်ကြိမ်တည်း၊ တစ်ခါတည်း ချက်ခြင်းသိရှိ ရရှိခြင်းဖြစ် သည်။
    သူသည် နှစ်များစွာသော အတိတ်ကို တစ်ရစ်ခြင်း ပြန်လည်ကြည့်လိုက်လျှင် ယခု အခြေအနေနှင့် များစွာကွာခြားသွားခဲ့ပြီ။ သူ၏အသိတွင် ယခု ချက်ခြင်းသူကျန်းမာနေပြီ ဆိုသည်ကို သိရှိလိုက်ပါသည်။
    သင်ကယ်တင်ခြင်း ရရှိပြီဆိုသည်နှင့် သင့်ဘ၀အတိတ်ကို ပြန်လည်ဆန်းစစ်ပြီး လေ့လာခံစားကြည့်လိုက်ပါ။ ယခုအခါ သင်သည် ဘုရားသခင်နှင့် အသစ်သော ဆက်ဆံရေး ရှိလာပြီကို သင်ရိပ်မိ သိရှိလာပါလိမ့်မည်။ ထိုအဖြစ်အပျက်က သင့်ကို ဘယ်သောအခါမျှ မေ့နိုင်လိမ့်မည် မဟုတ်ပါ။
ဥပမာ  - ကျွန်တော် လူအချို့ကို “ကယ်တင်ခြင်းရရှိပြီလား” ဟုမေးလျှင် သူတို့က ပြန်ဖြေကြသည်မှာ “ရတယ် ထင်တာဘဲ။ ရတယ်ထင်ပါတယ်။” ဟူ၍ ပြန်ဖြေကြသည်။ ဘ၀င်မကျနိုင်သော အဖြေပင် ဖြစ်သည်။
    သင်သည် ကျွန်တော့်ကို “ဟေ့ ဆရာ - အခု မိန်းမရပြီလား” ဟုမေးမြန်လာပါက ကျွန်တော် မည်သို့ဖြေရမည်နည်း။ “ရတယ်ထင်တာဘဲ။ ရတယ်တော့ ထင်ပါတယ်” စသည် ဖြင့် ဖြေခဲ့ရင် သင်က လက်ခံနိုင်လိမ့်မည်မဟုတ်။  နောက်ထပ် သေချာအောင် ထပ်မေးပါ လိမ့်ပါလိမ့်မည်။ “ကျွန်တော်ဆိုလိုတာက ဆရာမှာ အခု မိန်းမရှိနေလား လို့ မေးတာ” ဟု မေးခဲ့လျှင် “သိတ်တော့ မသေချာဘူးဗျ။ ဒါပေမယ့် ရတယ်တော့ ထင်တာဘဲ” ဟူ၍ ကျွန်တော် ပြန် ဖြေခဲ့လျှင် သင်သည် ကျွန်ုပ်ကို ဒီလူ ရူးနေတာ သေချာပြီဟု ကျွန်တော့်ကွယ်ရာတွင် ပြောကြမည်မှာ အသေအချာ ပင်ဖြစ်သည်။
    ယခု ကျွန်တော် ပြောနိုင်ပါသည်။ ကျွန်တော့်မှာ မိန်းမရှိသည်။ ကျွန်တော် အိမ် ထောင်ကျပြီ။ ဘယ်လိုသိပါသလဲ။
    ကျွန်တော် မင်္ဂလာဆောင်သောနေ့က လက်ထက်ပေးသော ဆရာကြီးက ဘုရား သခင်ထံတွင် သစ္စာကတိများ တိုင်တည်ပေးပြီးနောက် ကျွန်တော်၏သတို့သမီးလက်တွင် လက်စွပ်ကလေးကို စွတ်ပေးခဲ့သည်။ ထို့နောက် သူ၏နဖူးကို နမ်းလိုက်သည့် တခဏ အ တွင်းမှာပင် ကျွန်တော်၏ဇနီးဖြစ်ခဲ့ပြီဖြစ်ကြောင်း သိရှိခဲ့သည်။ ထိုနေ့က စိတ်ခံစားမှုနှင့် ပျော် ရွှင်မှုက တစ်သက်လုံး မမေ့နိုင်သော အဖြစ်။ ကျွန်တော်၏ဘဝကြီး ပြောင်းလဲသွားခဲ့သည် ကို ထိုအချိန်ကပင် သိရှိခဲ့သည် မဟုတ်ပါလား။
    သင်ကယ်တင်ခြင်း ရရှိပြီဆိုလျှင် ချက်ခြင်းပင် သင်၏ ဥနှောက်အသိတွင် လည်း ကောင်း၊ ၀ိညာဉ်အသိတွင်လည်းကောင်း သိရှိပါသည်။ ထိုကယ်တင်ခြင်းရရှိခဲ့သည့်အချိန်မှ စ၍ အသက်ရှင်မှုပုံစံ၊ အတွေး၊ ပြုမူပုံ အပြောင်းအလဲ ဖြစ်သွားခဲ့ပါသည်။ လူတိုင်းတွင် ကယ် တင်ခြင်း အတွေ့အကြုံရှိပါသည်။ တစ်ယောက်နှင့်တယောက်တော့ မတူညီနိုင်ပါ။ သင့် ဘ၀တွင် ခရစ်တော်ကို ကိုးစားချိန်မှစပြီး အခြားသူများနှင့်မတူသော အတွေ့အကြုံ ရှိနေ ပါလိမ့်မည်။
    မည်သို့ပင် ခြားနားသော အတွေ့အကြုံ ရှိနေသည်ဖြစ်စေ။ တူညီမှုတစ်ခုမှာ သခင် ယေရှုခရစ်တော်အားဖြင့်သာ ကယ်တင်ခြင်းရရှိခြင်း ဖြစ်ပါသည်။ သင်သည် စစ်မှန်သော ယုံကြည်သူ တစ်ဦးဖြစ်ပါက ယေရှုခရစ်တော်သည် သင်၏ဘ၀ကို ထူးခြားမှုတွေ ပေးခဲ့ပြီဖြစ် ကြောင်း သိရှိခံစားနေပါလိမ့်မည်။ ခြေမစွမ်းသူ ချက်ခြင်းသန်စွမ်း ကျန်းမာလာသည်ကို သိရှိ သကဲ့သို့ သင်သည် ခရစ်တော်ကို ရရှိပြီဖြစ်ပါက ချက်ခြင်းသင်သိပါလိမ့်မည်။
ခ။ ခွန်အားနှင့်ပြည့်ဝသော ကျန်းမာခြင်း
    အငယ် ၇ တွင် ဖော်ပြချက်အရ “သူ၏လက်ျာလက်ကို ကိုင်ဆွဲချီကြွလေသော ခဏချင်းတွင်၊ ခြေနှစ် ဘက်ဖမျက်စိတို့ သည် စွမ်းအားကိုရသဖြင့်၊”
    ယခုအခါ ခြေမစွမ်းသူသည် ကျန်းမာခြင်းကို ရရှိခဲ့ပါပြီ။ လမ်းမလျှောက်ဘူးသော သူ၏ခြေတို့သည်လည်း ခွန်အားများကအပြည့်။ အချို့သောသူများက ပြောတတ်ကြသော စကားမှာ “ကျွန်တော်တို့ ကယ်တင်ခြင်းတော့ ရပါပြီ။ ဒါ ပေမယ့် ခွန်အားတော့ သိပ်မရှိသေး ဘူး။” ဟုပြောလေ့ ရှိကြပါသည်။ ကျမ်းစာ၏ ဖော်ပြချက်နှင့် ကွဲလွဲနေသည် မဟုတ်ပါလား။ ကျမ်းစာကပြောသည်မှာ ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့် ပထမဦးစွာ ဖြစ်သည်။ ထို့နောက် ကယ်တင်ခြင်းရသည်။ ထို့နောက်တွင် သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော် တို့ကို ခွန်အားနှင့်ပြည့်ဝစေသည်။
    ပေတရုနှင့် တွေ့စဉ်အခါ ခြေမစွမ်းသူက တမျိုးတဖုံ ဤသို့ တောင်းဆိုခဲ့သော် “ကျွန်တော်ရဲ့ ကျန်းမာခြင်းကတော့ နောက်ပိုင်းမှ ရပါတယ်။ အခုလောလောဆယ် ကျွန်တော့် အရိုးတွေ၊ ခြေထောက်တွေကို ခွန်အားဖြစ်အောင် လုပ် ပေးပါ။ အဲဒါဆိုရင် နောက်မှာတော့ ကျွန်တော် ချက်ခြင်းကျန်းမာလာမှာပါ။ နောက်တကြိမ် ပြန်လာတော့မှ ကျန်းမာ ခြင်းကို ထပ်လုပ်ကြတာပေါ့” ဟု ပေတရုအား ဆိုခဲ့လျှင် ရူးသွပ်သော တောင်းဆိုမှု ဖြစ်လိမ့်မည်။ ထိုပုံစံသည် လူအချို့၏ ထင်မြင်ချက်ဖြစ်သည်။ “လူတွေကို ကောင်းအောင်အရင်လုပ်ရမယ်။ ပြီးမှ သူတို့ကို ကယ်တင်ခြင်း အကြောင်း ပြောရမယ်” ဟူသောအတွေးအခေါ်မျိုးဖြစ်သည်။ ထိုသို့မဟုတ်ပါ။ ကယ်တင်ခြင်း ရရှိပါက ချက်ခြင်း ကောင်းလာမည်ဟု ပြောလိုပါသည်။
ဂ။ ကျန်းမာခြင်းသည် စုံလင်ပါ၏။
    အခန်းငယ် ၁၆ ကိုပြန်ကြည့်ပါ။ “ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ထိုသခင်၏နာမ တော်သည် သင်တို့သိမြင်သော ဤသူအား အစွမ်းကိုပေးတော်မူပြီ။ ထိုသခင်ကြောင့်ရသောယုံကြည်ခြင်းသည် သင်တို့မျက်မှောက်တွင် ဤသူ၌ စေ့စုံခြင်းအခွင့်ကို ပေး၍ရှိလေပြီ။”
ဘုရားသခင်က ဤလူကို ကျန်းမာခြင်းပေးချိန်၌ သူကတော့ “တဖြည်းဖြည်းခြင်း ကျန်းမာ လာလိမ့်မယ်” ဟု မပြောခဲ့ပါ။ ခြေမစွမ်းသူသည် စုံလင်ပြည့်ဝသော ကျန်းမာခြင်းကို ဖြစ် စေခဲ့သည်။  အထက်ကျန်းပိုဒ်ကို ကြည့်ပါ။ “စေ့စုံခြင်းအခွင့်ကို ပေး၍ရှိလေပြီ။” ဆိုလိုသည် မှာ လုံးဝကောင်းသွားပြီ ဟုဆိုလိုခြင်း ဖြစ်ပါသည်။
    ထိုနေ့တွင် အအေးမိနေခဲ့လျှင်လည်း ကျန်းမာလာမည်။ နှာစီးချောင်းဆိုး ဖြစ်နေခဲ့ လျှင်လည်း ကျန်းမာလာမည်။ မီးလောင်နာတွေ ရှိခဲ့လျှင်လည်း ကျန်းမာလာမည်။ မည်မျှ ပင် ကြီးမားလေးလံသော အနာကြီးဖြစ်နေပါစေ အလုံးစုံ ကျန်းမာလာမည်ဖြစ်သည်။ ပေတရု ပြောခဲ့သည်မှာ “နာဇရတ်မြို့သား ယေရှုနာမ၌ လှမ်းသွားလော့” ထိုသူသည် လှမ်းသွား ရုံမျှမက ကလျှက် ခုန်လျက်နှင့် လှမ်းသွားခဲ့လေသည်။
    အခန်းငယ် - ၈ တွင် “ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက် ဘုရားသခင် ကိုချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော် သို့ဝင်လေ၏။”
သူသည် “ကလျက် ခုန်လျက်နှင့်”
    သင်သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အပြစ်တည်းဟူသော လူတို့၏ ၀ိညဉ်အနာမှ ကျန်းမာခြင်းကို ရရှိခံစား ခဲ့ရပါက အနည်းငယ်မျှသာ ကျန်းမာလာမည်မဟုတ်။ အလုံးစုံကျန်းမာခြင်းကို ရရှိမည်ဖြစ်သည်။ မည်သည့်အခြေ အနေမဆို ကျန်းမာခြင်း ရရှိ လာမည်။ သင့်အပြစ်များကို အလုံးစုံဖယ်ရှားပေးမည်။ သင်မည်မျှ ဆိုးသွမ်းနေသည်ဖြစ် စေ၊ သင့်ကို လမ်းတ၀က်တွင် ထားမည်မဟုတ်ပါ။ ဘုရားသခင်ထံ ရောက်စေမည့် ကျန်းမာခြင်း အပြည့်အစုံ သင်ရရှိ မည်ဖြစ်သည်။ သင်သည် အပြစ်များကို ခွင့်လွှတ်ခံရသည်သာမက သခင်ယေရှု၏ ဖြောင့်မက်ခြင်းလည်း ရရှိမည်။ ငရဲကနေ လွတ်မြောက်မည်။ ကောင်းကင် နိုင်ငံတော်ကိုလည်း ရောက်ရှိမည်။ စာတန်၏ ထိန်းချုပ်ခံဘ၀မှ လွတ်မြောက်မည်။ သန့်ရှင်း တော် ၀ိညဉ်တော် ကျိန်းဝပ်ပြီး ကျွန်ုပ်တို့ကို ပြောင်းလဲခြင်းတွေ လုပ်ဆောင်ပေးမည်။ သင် ကယ်တင်ခြင်းရရှိပါက ထိုအရာ အလုံးစုံကို ရရှိမည်ဖြစ်သည်။
ဃ။ တန်ခိုးတော်ကြောင့် ကျန်းမာခြင်းရရှိခဲ့ပြီ
    သူ၏ကျန်းမာခြင်းသည် ကောင်းသော အမှုများပြုသောကြောင့်၊ ကျိုးစားအားထုပ်မှု တစ်ခုခုကြောင့်၊ ဘာသာရေး လုပ်ဆောင်မှု တစ်ခုခုကြောင့်၊ ကောင်းမူပြုလုပ်၊ ကုသိုလ်ပြုလုပ် ခြင်းတို့ကြောင့်မဟုတ်သည်ကို သတိပြုပါ။ ပေတရုက အတိအလင်းဆိုခဲ့သည်မှာ သူသည် ထိုသခင်ခရစ်တော်ကို ယုံကြည်ခြင်းကြောင့် ကျန်းမာခြင်းရရှိသည်။ ဘုရားသခင်က သူ့ကို ကျန်းမာခြင်း ပေးခဲ့သည်ဟု ဆိုပါသည်။ အပြစ်သားတစ်ဦးသည် ထိုနည်းဖြင့် ဘုရားသခင်ထံ လာနိုင်ပါသည်။ ဘုရားကျောင်းတတ်ခြင်း၊ ဘာသာရေး လုပ်ဆောင်ခြင်း၊ နှစ်ခြင်းခံခြင်း၊ ကောင်းမှုပြုခြင်း၊ ကုသိုလ်ပြုလုပ်ခြင်း တို့ဖြင့် မဟုတ်ပါ။ ထိုသူသည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ရရှိခံစားနိုင်ပေပြီ။ နှုတ်ကပတ် တော်တွင်လည်း ထိုသို့ သွန်သင်ထားသည်။ (ဧဖက် ၂း၈-၉)
၎။ တစ်ကြိမ်းတည်နှင့် အပြီးတိုင်ပြောင်းလဲသွားခဲ့ပြီ။
    သမ္မာကျမ်းစာ၏ ဖော်ပြချက်အရ ထိုခြေမစွမ်းသူသည် အနည်းဆုံးတော့ သူ၏ဘ၀ အခြေအနေ နှစ်ခုတော့ ပြောင်းလဲသွားခဲ့ပါပြီ။ ထို့ထက်မက တစ်ဘဝလုံး၏ နယ်ပယ် အ သီးသီး၊ အခြေအနေအဖုံဖုံ၊ ပြောင်းလဲသွားနိုင်သည်။ 
    ပထမတစ်ခုက သူသည် ဗိမ္မာန်တော်သို့ အခြားယုံကြည်သူများနှင့်အတူ ၀င် ရောက်ခဲ့သည်။ ယခင်က သူသည် အမြဲတမ်း ဗိမ္မာန်တော်၏ ပြင်ပတွင်သာ တံခါးနားတွင် သာ ရှိနေခဲ့ဘူးသူဖြစ်သည်။ အငယ် - ၈ က “ရုတ်တရက်ထ၍ မတ်တပ်ရပ် ပြီးလျှင် လှမ်း သွားလေ၏။ သွားလျက်၊ ခုန်လျက် ဘုရားသခင်ကို ချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ ဝင်လေ၏။”
    လူတစ်ယောက်သည် ယေရှုကို ခရစ်တော်ကို ယုံကြည်လက်ခံလာသောအခါ သူ တို့သည် အသင်းတော်နှင့်ပတ်သတ်ပြီး သဘောထားပြောင်းသွားခဲ့သည်။ ယခင်က သူတို့ သည် အသင်းတော်ကို ဘာသာရေး အစီအစဉ် အဖြစ်သဘောလောက်သာ သွားကြသည်။ သို့သော် ယေရှုခရစ်တော်ကို ရရှိပြီးပါက ဘုရားသခင်၏ လူများကို ချစ်တတ်လာပြီး သူတို့နှင့် တစ်သားတည်းဖြစ်လာသည်။
တမန် ၄း၁၄ က “အနာကင်းလွတ်သောသူသည် ထိုသူတို့နှင့်အတူ ရှိနေသည်ကိုမြင်၍၄င်း၊ ငြင်းခုံဆိုဘွယ်ရာမရှိ မတွေ့ကြ။” ဟူ၍ ဖော်ပြထားသည်။ ပေတရုနှင့် ယောဟန်ကို ဖမ်းဆီး ပြီး ယေရှုကြောင့် ကျန်းမာခြင်းရသောသူအကြောင်း မေးမြန်ရန် ဖမ်းခေါ်လာခဲ့သည်။ မည် သူကမျှ သူ့ကို လက်မခံဘဲ အထီးကျန် ဖြစ်ခဲ့ဘူးသူ ခြေမစွမ်းသူသည် ယခုအခါ တမန် တော်တို့နှင့်အတူ ရပ်နေရသော အခွင့် ရှိလာပြီ။
    ဒုတိယတစ်ခုမှာ သူသည် ဘုရားသခင်ကို ချီးမွမ်းတတ်လာပြီ။ ဗိမ္မာန်တော်ထဲသို့ ချီးမွမ်းလျက် ၀င်သွားသည်ကို ဖော်ပြ ထားသည်။ ဘာကြောင့် သူချီးမွမ်းတာလဲ။ သူသည် ယခုအခါ လမ်းလျှောက်နိုင်ပြီ။ ယခင်ကအခြေအနေမျိုး မဟုတ်တော့။ ယခင်က သူသည် ချီးမွမ်းနိုင်ခဲ့သူ မဟုတ်။ ယခုတော့ ချီးမွမ်းနိုင်ပြီ။ သူ့ဘ၀က ရှုပ်ထွေးခဲ့ဘူးသည်။ သို့သော် ယခု အားလုံးကို ချီးမွမ်းနိုင်သူဖြစ်ပေပြီ။ သူ၏ ပြောင်းလဲမှုကို လူတွေက မိန်းမောတွေဝေ သွားခဲ့ကြသည်ကို သတိပြုပါ။
    အငယ် ၁၀ တွင် “သင်တို့သည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်၍၊ ဘုရားသခင် သည် သေခြင်းမှ ထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အား ဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျမ်းမာလျက်ရှိသည်ကို သင်တို့မှစ၍ ဣသရေလူ အပေါင်းတို့ သိမှတ်ကြလော့။”
    အခြားသူတွေ အံ့သြနေကြသည်။ သူတို့မယုံနိုင်ကြ။ ထို့အတူပင် တစုံတစ်ယောက် ပြောင်းလဲသွားခဲ့လျှင် လူများသည် တွေဝေ အံ့သြနေကြမည်။ သင်နှင့်ပတ်သတ်ပြီး မိန်းမော နေကြလိမ့်မည်။ သင်၏ ပြောင်းလဲမှုသည် လူများကို အံ့သြ စေသည်။
    ၂ကော ၅း၁၇ က “လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တ၀ါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။”
    ယေဇကျေလ ၃၆း၂၆-၂၇ တွင် “စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။ သင်တို့ ခန္ဓာထဲက ကျောက်နှလုံးကို နှုတ်၍ အသား နှလုံးကို ပေးမည်။ ၂၇ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေးသဖြင့်၊ သင်တို့သည် ငါ၏ တရားလမ်းသို့လိုက်၍၊ငါစီရင်တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်။”
    ပြောင်းလဲသူများတွင် ချက်ခြင်းဖြစ်လာသောအရာဖြစ်ပါသည်။ ပထမအချက်တွင် မည်မျှပင် အထီးကျန်ပြီး သီးသန့်ဘ၀ထဲတွင် နေထိုင်ခဲ့သူဖြစ်ပါစေ ခရစ်တော်ကို ယုံကြည် လက်ခံ ပြောင်းလဲလာပြီးနောက်တွင် ဘုရားသခင်၏သားများဖြင့် ဖွဲ့စည်းထားသော အသိုင်း အ၀ိုင်းထဲတွင် ရောက်ရှိလာခဲ့ပြီ။ နောက်ထပ် ဒုတိယအချက်မှာ ဘုရားသခင်ကို ချီးမွမ်း တတ်သော အသက်ရှင်မှု ဖြစ်လာခဲ့ပြီ။ အသစ်သော အသက်တာဟု ကျမ်းစာ နှုတ်ကပတ် တော်က အသိအမှတ်အပြုပါသည်။
နိဂုံး
    သင့်ကို မေးမြန်းချင်သော မေးခွန်းများရှိပါသည်။
    သင်သည် ခြေမစွမ်းသူကဲ့သို့ ဖြစ်ပါသလား။
    မွေးစကပင် အပြစ်သား ဖြစ်နေသည်မဟုတ်ပါလား။
    ဘာမျှ မစွမ်းဆောင်နိုင်သူဖြစ်နေသည် မဟုတ်ပါလား။
    ဘုရားသခင်နှင့် ဝေးသောအရပ်တွင်သာ ရပ်နေရသည် မဟုတ်ပါလား။
    ဆင်းရဲမွဲတေမှုနှင့် အလိုမပြည့်သော ဘ၀တွင် ရှိနေရသည်မဟုတ်ပါလား။
    ငြိမ်သက်ခြင်းနှင့် ၀မ်းမြောက်ခြင်းများက သင့်ဘ၀ထဲမှာ ပျောက်ဆုံးနေပါသလား။
    ခြေမစွမ်းသူရသော ၀ိညာဉ်ရေးရာ ကျန်းမာခြင်းကို ခံစားကြည့်ပါ။ သင်သည် ယခု အခါ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်ရှိနိုင်ပါပြီ။ သင့်အပြစ်များအတွက် ခွင့်လွှတ်ခြင်း ခံစားနိုင်ပါပြီ။ သင်သည် အသစ်သော အသက်တာ အသက်ရှင်မှုကို ရရှိနိုင်ပါပြီ။ ယခုအခါ ကောင်းကင်နိုင်ငံတော်သို့ ၀င်ခွင့်လမ်းကြောင်းသည် သင့်အရှေ့မှာ ထင်ရှားလျက် ရှိနေပါပြီ။ သင့်ကို ခေါ်ဖိတ်ပါရစေ။ ယခုပင် သခင်ခရစ်တော်ကို ယုံကြည်လက်ခံကြပါစို့။
Sep 27, 2018
လက်ဝါးကားတိုင်တော်
လက်ဝါးကပ်တိုင်ဆိုတာ ဘာလဲ။
          တချို့က သစ်သားနဲလုပ်ထားတဲ့ ကျွန်းသား၊ ပျဉ်းကတိုသား၊ ထင်ရှုးသားဆိုပြီး၊ အမျိုးမျိုး ထင်ကြေး ပေးကြပါတယ်။ အပြစ်သားများကို သေဒဏ်ပေးသောနေရာ၊ မကောင်းသောနေရာ၊ ရက်စက်သော နေရာ၊ မင်္ဂလာ မရှိသော နေရာဟု သတ်မှတ်ကြပါတယ်။ အချို့ကတော့ ထိုကဲ့သိုမဟုတ်။ အမြတ်တနိုး ထားကာ လည်၌ ဆွဲကြိုး အဖြစ် ၀တ်ဆင်ကြပါသည်။ တချို့က မကောင်းဆိုးဝါးများကို နှင်ထုတ်သော တံဆာအဖြစ် အသုံးပြကြပါသည်။ တချို့ လက်ဝါးကပ်တိုင်ကို အလှဆင်ခြင်း အားဖြင့်၊ မိမိတို့အိမ်၊ မိမိတို့၏ခြံ၊ မိမိတို့၏ အိမ်ရှေ့၌ထားခြင်းအားဖြင့် ကောင်းကြီးများ ၀င်လာမည်ဟု ထင်မြင်ကြပါသည်။
           ခရစ်တော် ပြောခဲ့သော လက်ဝါးကပ်တိုင်၊ ခရစ်တော် အသေခံခဲ့သော လက်ဝါးကပ်တိုင်သည် ထို အဓိပ္ပါယ်မျိုး ရှိသလား။ လက်ဝါးကပ်တိုင် ဆိုသော ထိုထက်မက အရေးကြီးသော အရာများ ရှိပါသည်။ ယေရှု ခရစ်တော်သည် လက်ဝါးကပ်တိုင်၌ အသေခံပြီးနောက် မဿဲ ၂၈း၁၈ တွင် ကောင်းကငှ်င့် မြေကြီးပေါ်၌ စီရင်ပိုင်သော အခွင့်တန်ခိုး ရှိသမျှတို့ကို ခရစ်တော်သည် ခံရကြောင်းကို ဖော်ပြခဲ့ပါသည်။ ခရစ်တော်သည် လက်ဝါးကပ်တိုင်အားဖြင့် ကြီးမားသော အမှုကြီးကို ပြခဲ့ပါသည်။ ဒီကမ္ဘာ လောက လူသားများ အားလုံး ငရဲမှ လွတ်ရုံတင်မက ကြွယ်ဝ ပြည်စုံခြင်း၊ စာတန်၏ ဒုစရိုက် အပြစ်ကျွန် ဘ၀ မှာလည်း ထိုလက်ဝါးကပ်တိုင် အားဖြင့် အောင်နိုင်ခဲ့ပါသည်။
           သို့သော် ကျွန်ုပ်တို့ ယုံကြည်သုများသည် ထိုအခွင့်တန်ခိုးများကို ပိုင်ဆိုင်ထားသော ထိုဘုရားကို ရရှိ၊ ယုံကြည်လက်ခံ ထားပါသော်လည်း၊ လက်တွေ ဘ၀အသက်တာမှာ အကျိုးရှိစွာ ခံစားရမှု မရှိကြောင်းကို အသက်တာ၌ တွေရှိရပါသည်။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေရပါသလဲ။
           ယနေယုံကြည်သူများသည် ခရစ်တော်၏ လက်ဝါးကပ်တိုင် တရား၏ အခွင့်အာဏာများကို မသိကြ၍ ဖြစ်ပါသည်။ ထိုကြောင့် အချက် ( ၃ ) ချက်အားဖြင့် အကျဉ်းချုပ်၍ ၀ိညာဉ်ခွန်အား ယူနိုင်ရန် အတွက် တိုက်တွန်း ဝေငှလိုပါသည်။
( ၁ ) လက်ဝါးကပ်တိုင်သည် တန်ခိုး ( ၁ကော ၁း၁၈ )
           မည်သူတို့ အတွက် တန်ခိုးဖြစ်ပါနည်း။ ကယ်တင်ခြင်းသို့ ရောက်သောသူများ တနည်းအားဖြင့် ခရစ်တော်ကို မိမိ၏ ကယ်တင် ပိုင်ရှင်အဖြစ် ယုံကြည် လက်ခံပြီးသောသူများ အတွက် ခရစ်တော်ပေးသော တန်ခိုး ဖြစ်ပါသည်။ လက်ဝါးကပ်တိုင်သည် ယုံကြည်သူတိုင်း တန်ခိုးဖြစ်ပါသည်။ ကျွန်တော်တို့ အားလုံးသည် တန်ဖိုးမရှိသောသူ အစွမ်းမရှိသောသူများ မဟုတ်ပါ ခရစ်တော်၏ လက်ဝါးကပ်တိုင် တန်ခိုးကို ပိုင်ဆိုင် ရရှိထားသော သူများဖြစ်ကြပါသည်။
          စာတန်သည် ထိုသမ္မာတရား တန်ခိုးကို မမြင်နိုင်အောင် စိတ်ပျက်စရာ အခြေနေများ အားဖြင့် လည်းကောင်း၊ အသိပညာ၊ အတတ်ပညာ နည်းပါးခြင်း အားဖြင့်လည်းကောင်း၊ ပစ္စည်းဥစ္စွာမ်းပါးခြင်း အားဖြင့် လည်းကောင်း၊ စာတန်သည် ကျွနုပ်တို့ အားလုံးကို လှည့်စားထားပါသည်။ သို့သော် ခရစ်တော်၏ လက်ဝါးကပ်တိုင် တန်ခိုးအားဖြင့် ကျွန်ုပ်တို့အားလုံး တန်ခိုးရှိသောသူ များဖြစ်ကြပါသည်။ ၂တိ ၁း၇-၈ တွင် ဘုရားသခင်ပေးသော တန်ခိုးအားဖြင့် ဧ၀ံဂေလိတရားကို ဟောပြောကြရန် တိုက်တွန်းထား ပါသည်။ ကျွန်တောတို့ အားလုံး သတင်းကောင်းကို ပြေိာုင်ဖို့ရန် လုံလောက်သော တန်ခိုး ရှိပြီးသောသူများ ဖြစ်ကြ ပါသည်။ သတင်းကောင်း ပြောရန် ခွန်းအားတောင်းနေစရာ၊ တန်ခိုးတောင်းနေစရာ မလိုပါ။ ဘုရားသခင်က တန်ခိုးကို ပေးပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့မှာ အားနည်းချက် မည်သို့ပင်ရှိသည် ဖြစ်စေ၊ ပညာမတတ်သည် ဖြစ်စေ၊ ပစ္စည်းဥစ္စာမရှိသည် ဖြစ်စေ၊ စကားပြောမကောင်းသည် ဖြစ်စေ၊ ဗဟုသုတ မကယ်သည် ဖြစ်စေ ဤအရာများသည် အဆီးအတားမဟုတ်ပါ။ ခရစ်တော်၏ လက်ဝါးကပ်တိုင် တန်ခိုးကို ရရှိပြီးသည့်အတိုင်း၊ လက်တွေဘ၀ အသက်တာ၌ ရဲဝင့်စွာ အသုံးချနိုင်ရန်သာ လိုပါတော့သည်။
          ရှင်ပေါလုသည် ထိုတန်ခိုး အကြောင်းကို မပြောရလျှင် မနေနိုင်၊ အမင်္ဂလာရှိသည်ဟု ခံစား ရပါသည်။ (၁ကော ၉း၁၆) ထိုဧ၀ံဂေလိတရားသည် ရှက်ကြောက်စရာ မဟုတ်။ ဘုရားသခင်၏ တန်ခိုးသာ ဖြစ်သည်ဟု ရှင်ပေါလုက ထပ်မံသက်သေခံခဲပါသည်။ (ရောမ ၁း၁၆) ထိုကြောင့် ကျွန်ုပ်တို့ အားလုံး ခရစ်တော်၏ လက်ဝါးကပ်တိုင် တန်ခိုးကို အမှီပြ၍ ဧ၀ံဂေလိ သတင်းကောင်းကို ရှင်းလင်း သဘောပေါက် နားလည်းလျက် စာတန်၏ လှည့်ဖျားခြင်းများကို ရှောင်ရှားလျက် ဝေငှခြင်းအားဖြင့် လက်ဝါးကပ်တိုင် တန်ခိုး၏ အရသာကို ခံစား ရယူနိုင်သော ယုံကြည်သူများ ဖြစ်ကြပါစို့။
(၂) လက်ဝါးကပ်တိုင်သည် အသေခံသော နေရာ ( ရောမ ၆း၆ က )
           လက်ဝါးကပ်တိုင်သည် ကျွုပ်တို့ လူဟောင်း၏ အကျင့်စရိုက်များကို ရိုက်ချိုး ခြေဖျက်သည့် နေရာလည်း ဖြစ်သည်။ ထိုကြောင့် သင်သည် လက်ဝါးကပ်တိုင် တရားကို  လက်ခံယုံကြည် လက်ခံသော သူဖြစ်ခဲ့လျှင်၊ လူဟောင်းဘ၀၌ ရှိခဲ့သော စိတ်နေ သဘောထားများ လောက၏ အယူအဆများ၊ ဘုရားမဲ့ အတွေးအခေါ်များ၊ ဇာတိပကတိကို ဦးစားပေးခဲ့သော အရာများကို ထိုလက်ဝါးကပ်တိုင် ပေါ်၌ ရိုက်ချိုး ခြေဖျက်ပြီးကြောင်းကှိုလုံးသွင်း၍ အသက်တာ၌ အသက်ရှင်ရပါမည်။ ဘုရားသခင်နှင့် မပတ်သက်သော၊ ဘုရားသခင်၏ စကားတော်နှင့် ဆန်ကျင်သော အရာများသည် ကျွုပ်တို့၏ ဇာတိပကတိ၏ လုပ်ရပ်ဖြစ်ပြီး ထိုအရာများသည် ပျက်ဆီးခြင်း အသက်တာကို ဦးတည်သွားနေသောအရာ ဖြစ်သောကြောင့် ခရစ်တော်သည် ထိုပျက်ဆီးခြင်းမှ ကယ်တင်ရန်အတွက် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် ထာဝရတည်သော နေရာဖြစ်သော ကောင်းကင်နိုင်သို့ ရောက်နိုင်ဖို့ရန် အသေခံခဲ့ပါသည်။ ထိုကြောင့် လက်ဝါးကပ်တိုင်ဟာ ကျွုပ်တို့ ဇာတိများ ရိုက်ချိုး ဖျက်ဆီးသော နေရာဖြစ်၍ ၀ိညာဉ်ပကတိ အတိုင်း အသက်ရှင်ဖို့ရန် စတင် သောနေရာ ဖြစ်ပါသည်။ တနည်းအားဖြင့် စာတန်သားဘ၀မှ ဘုရားသား ဘ၀သို့ ရောက်ရှိသော နေရာ ဖြစ်ပါသည်။ အပြစ်၏ ကျေးကျွန်ဘ၀မှာ လွှတ်ရုံတင်မက အသစ်သောဘ၀၊ ဘုရားသားဘ၀၊ ဘုရာှးင့်အတူ လျှောက်လှမ်းနိုင်သော ဘ၀ကို ရောက်ရှိခဲ့ပါသည်။
          သို့သော် ယုံကြည်သူတချို့က လွှတ်ခြင်းရပြီးသော ဇာတိပကတိ စိတ်ထားများကို အသက်တာ၌ ပြန်လည် အသက်ရှင် ခွင့်ပေးတတ်ကြပါသည်။ ထိုသို့ ပြခဲ့ပါက လက်ဝါးကပ်တိုင် တရားသည် အချည်းအနှီး ဖြစ်သွားပါလိမ့်မည်။ ထိုကြောင့် (ဂလာ ၅း၁၃) ၌ ဇာတိ သဘောထားများကို ဦးစားပေးပြီး အသက်ရှင်ခြင်းဖြင့် လွှတ်ခြင်းတရား ( လက်ဝါးကပ်တိုင်တရား ) ကို အလွဲမသုံးဖို့ရန် သတိပေး တိုက်တွန်း လိုက်ရပါသည်။ ကျွုပ်တို့၏ ဇာတိစိတ် သဘောထားများကို လက်ဝါးကပ်တိုင်၌ အပြီးသတ်၍ လက်ဝါးကပ် တိုင်တရားအတိုင်း အသက်ရှင် လျှောက်လှမိးုင်သော ယုံကြည်သူများ ဖြစ်ကြပါစို့။
(၃) လက်ဝါးကပ်တိုင်သည် နေစဉ် လိုအင်ဆ္ဒများ ငြင်းပယ်သော နေရာ ( လုကာ ၉း၂၃ )
          ယေရှုသည် သူ၏နောက်သို့ လိုက်လိုသော သူများအား မိမိ၏ လက်ဝါးကပ်တိုင်ကို နေစဉ် ထမ်း၍ မိမိ၏ဆ္ဒများကို ငြင်းပယ်၍ လိုက်ရပါမည်။ အဘယ်ကြောင့် ထိုကဲ့သို့ ယေရှု ပြောရပါသနည်း။ လက်ဝါးကပ်တိုင် ထမ်းမယ်ဆိုလျှင်လည်း အဘယ်ကြောင့် နေစဉ် ထမ်းဖို့ပြောရပါသနည်း။ လိုအင် ဆန္ဒများကို လည်းနေစဉ် အဘယ်ကြောင့် ငြင်းပယ်ခိုင်းရပါနည်း။
          ယေရှုပြောသည်မှာ ရိုးရိုးလေးပင် ဖြစ်ပါသည်။ မိတ်ဆွေ ကျွုပ်တို့၏ လိုအင်ဆ္ဒနှင့် ဇာတိ သဘောထားများကို နေစဉ် သေရုံတင်မျှမက အသက်တာ၌ မရှိရန် လိုအပ်ပါသည်။ သို့သော် ယနေ ကျွန်ုပ်တို့ ယုံကြည်သူများ၏ အသက်တာ၌ ထို့ကဲ့သို့ မဟုတ်ဘဲ နေစဉ် ''ငါ'' ဆိုသော အတ္တ၊ မာနမျာှးင့် အတူ အသက်ရှင် နေကြောင်း တွေရပါသည်။ ''ငါ့ကို မထိနဲ့'' ''ငါ့ကို ဒီလိုမကြည့်နဲ့'' ''ငါ့ကို ဒီလို မပြောနဲ့'' စသည်ဖြင့် ငါ -- ငါ ..ငါ ဆိုသော အရာများနှင့်အသက်ရှင်၍ နေကြပါသည်။
          နေစဉ် ယေရှုသွန်သင်လိုသော အရာများအားဖြင့် အေးချမ်းစွာ သွားလာဖို့ရန် လက်ဝါးကပ်တိုင် တရားကို ခရစ်တော် ပြင်ဆင်ထားခဲ့ သော်လည်း ''ငါ'' ဆိုသော အရာများကို လက်ဝါးကပ်တိုင်၌ မရိုက်ထားဘဲ အသက်တာ၌ ယူလာသောကြောင့် ပူလောင်မူများဖြင့် ဖြတ်သန်းနေရပါသည်။
          ယေရှုက လက်ဝါးကပ်တိုင် တရားအကြောင်းကို သင်ပေးခဲ့ပါသည်။ (မဿဲ ၇း၁၂) ကျွန်ုပ်တို့ သူတပါးကို ဦးစားပေး အသက်ရှင်ခြင်း၊ သူတပါးအတွက်သာ အသက်ရှင်သွားနိုင်ရန်အတွက် သင်ပေးခဲ့ပါသည်။ ယေရှုကိုယ်တိုင် လက်ဝါးကပ်တိုင်၌ အပြစ်သားများအားလုံးအတွက် အပြစ်ဖြေရန် အဖို့အလို့ငှါ အသက် ပေးခဲ့ပါသည်။ အပြစ်သားများ အပြစ်မှလွတ်ဖို့ရန် ပေးဆပ်ခဲ့ရုံတင်မက ထာဝရ ကောင်းကင်နိုင်ငံ၌ နေထိုင်ဖို့ရန် အဖိုးအခပေး၍ ပေးဆပ်ခဲ့ပါသည်။
          ထို့ကြောင့် ကျွန်ုပ်တို့အားလုံး အထက်ပါ အကြောင်းအရာ ( ၃ ) ချက်အားဖြင့် ခရစ်တော်၏ လက်ဝါးကပ်တိုင် တရားကို နာလည် သဘောပေါက် ရုံတင်မက ထိုလက်ဝါးကပ်တိုင်တရား၏ အကျိုးကို ထိမိစွာ ခံစာိးုင်ရန် ပြင်ဆင်သော အသက်တာ ဖြစ်ကြပါစေဟု ခရစ်တော်နာမ၌ တိုက်တွန်း လိုက်ရပါသည်။
Sep 19, 2018
ဘုရားသခင်ကို သိကျွမ်းခြင်း
ကောလောသဲ ၁း၁၀-၁၁
ဆုတောင်းသော အချက်ဟူမူကား၊ သင်တို့သည် ကောင်းသောအကျင့် အမျိုးမျိုး တည်းဟူသော အသီးကိုသီးခြင်း ဘုရားသခင်ကို သိသောညဏ် တိုးပွားခြင်း၊ ရှိသ ဖြင့် လည်းကောင်း၊ ၀မ်းမြောက်သော စိတ်နှင့် အရာရာ၌ သည်းခံခြင်း၊ စိတ်ရှည် ခြင်း အလိုငှါ၊ ဘုန်းကြီးသော တန်ခိုးတော်အတိုင်း ခွန်အားနှင့် ပြည့်စုံသဖြင့် လည်း ကောင်း၊ ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် သခင်ဘုရားနှင့် ထိုက် လျောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှါ၊ ပညာအမျိုးမျိုး၊ ဓမ္မ ညဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင် နားလည်ပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။ (ကောလောသဲ ၁း၁၀-၁၁)
ရှင်ပေါလု၏ ဆုတောင်း   
    ကောလောသဲမြို့တွင် ရှိသော အသင်းတော်ရှိ အသင်းသားများအတွက် ဆုတောင်းပေး သောအခါ အထက်တွင် ဖေါ်ပြထားသော အပြင်ပိုင်း လုပ်ဆောင်ချက်များ တိုးတက်လာရန် ဆုတောင်းခြင်း မပြုခဲ့ပါ။ ထိုအရာများ မလိုအပ်၍ မဟုတ်ပါ။ ထိုအရာများသည် ၀ိညာဉ်ရေးရာ ရင့်ကျက်လာသူများက အလိုအလျောက် လုပ်ဆောင်နိုင် မည်ဖြစ်သည်။ ရှင်ပေါလု ဆုတောင်းပေး သောအချက်မှာ ဘုရားသခင်ကို သိသောညဏ် တိုးပွားလာစေရန် အဓိက ဆုတောင်း ပေးခဲ့ပါသည်။
    သင်တို့၏ ၀ိညာဉ်ရေးရာ တိုးတက်မှု ရှိစေရန် ထိုအချက်ကို ဦးစားပေး ပြောလိုပါသည်။ ထိုသို့ ဆိုရာတွင် ကျမ်းစာများ ပိုမို တတ်ကျွမ်းလာရန် အရေးကြီးသည်ဟု မဆိုလိုပါ။ ဘုရားသခင် ၏အကြောင်းကို ကိုယ်တိုင် သိကျွမ်းလာဘို့ အဓိက ပြောချင်ပါသည်။ ဘုရားသခင်၏ အပေါ်ယံ အကြောင်းတရားများကို ဆိုလိုခြင်း မဟုတ်ပါ။ မိမိအသက်တာထဲက နှလုံးသားဖြင့် သိကျွမ်းလာ ခြင်းကို ဦးစားပေး ပြောဆိုလိုပါသည်။ ၀ိညာဉ် ရေးရာကို တိုးတက်သည်ဟု ဆိုရာတွင် သင်ကိုယ်တိုင် မည်သို့ သတ်မှတ်ထားပါသနည်း။ လုပ်ဆောင်မှု တိုးတတ်ရန် လိုသည်ဟု ထင်မြင်ပါသလား၊ (သို့) နှလုံးသားထဲမှ ဘုရားသခင်ကို ရင်းနှီး ကျွမ်းဝင်မှုဖြင့် သိကျွမ်းပါသလား။
စစ်မှန်သော ဘုရားသခင်ကို သိကျွမ်းခြင်း   
    ခရစ်ယာန်တစ်ဦး အနေဖြင့် အသက်ရှင်ရာ၌ အခြေအနေ အားလုံးအတွက် ဘုရားသခင်ကို သိကျွမ်းဘို့ လိုအပ်ပါသည်။ ကယ်တင်ခြင်းရဘို့၊ အသက်တာလျှောက်လှမ်းဘို့၊ အမှုတော်ဆောင်ရွက် ဘို့ အခြေအနေအားလုံးတွင် ဘုရားသခင်ကို သိကျွမ်းဘို့ လိုအပ်ပါသည်။ ဘုရားသခင်သည် မည်ကဲ့ သို့ အရည်အချင်း၊ ဂုဏ်တော်များ ရှိပါသနည်း။ မည်ကဲ့သို့သောပုဂ္ဂိုလ် ဖြစ်ပါသနည်း။ လောကထဲ တွင်ရှိသော အခြားသော ဘုရားများနှင့် ခြားနားချက်များက မည်သို့ရှိပါလဲ။ အစရှိသဖြင့် များစွာ လေ့ လာဘို့ လိုအပ်ပါလိမ့်မည်။ ထိုဘုရားက မိမိအသက်တာကို မည်သည့်အရာများ လုပ်ဆောင်ပေးသ နည်း ဆိုသော အချက်များကို ကိုယ်တိုင်ကိုယ်ကျ မိမိအသက်တာအားဖြင့် သိကျွမ်းဘို့ လိုအပ်ပါ သည်။
    ထိုသို့ဆိုရာတွင် ခရစ်ယာန်ဖြစ်လာသောသူက မိမိသည် ဘုရားကိုသိလို့၊ ယုံကြည်လို့ ခရစ်ယာန်ဖြစ်လာတာ ဘဲ။ သိပြီးသားဘဲ အစရှိသည်ဖြင့် ဆိုနိုင်ပါသည်။ လက်ရှိ အခြေအနေတွင် ဘုရားသခင်ကို သိကျွမ်းပြီးဖြစ်သည့်အတွက် နောက်ထပ် ဘာများ သိစရာ လိုပါသေးသနည်းဟု မေးကောင်း မေးနိုင်ပါသည်။
    ခရစ်ယာန် ဖြစ်လာပြီးနောက် အသင်းတော် ထဲတွင် ပါဝင်သည့်အချိန်၌ အခက်အခဲများစွာ တွေ့နိုင်ပါသည်။ ကိုယ်ကာယပိုင်း အခက်အခဲ၊ စိတ်ဓါတ်ရေးရာအခက်အခဲ၊ ၀ိညာဉ်ရေးရာ ပြဿ နာများ၊ စသည်တို့အပြင်၊ သြ၀ါဒနှင့်ဆိုင်သော ပြဿနာများ၊ အသင်းတော်ထဲတွင် မိမိမခံယူနိုင်သည့် ဆုံးဖြတ်ချက် ပြဿနာ အစရှိသည့် ပြဿနာများ ဖြစ်သည်။ ထိုအရာများကို ကိုင်တွယ်ရာတွင် မိမိ ကိုယ်တိုင် အခက်အခဲ အဆင် မပြေမှု မြောက်များစွာ တွေ့ကြုံရလေတော့သည်။ မိမိကိုယ်တိုင်က ယုံကြည်ခြင်း ရှိပါသည်။ ထိုယုံကြည်ခြင်းကို မည်ကဲ့သို့ အသုံးချနေပါသနည်း။ ထိုအချိန်မျိုးတွင် မိမိ၏ ယုံကြည်ခြင်းသည် မိမိ အားကိုးသော ဆရာသမားများ၊ မိဘများ၊ သူငယ်ချင်းများ တွင်သော် လည်းကောင်း၊ တစ်ခါတစ်ရံ မိမိ ပိုင်ဆိုင်သည့် စီးစိမ်ဥစ္စာများ အပေါ်တွင်သော် လည်းကောင်း၊ တစ်ခါတစ်ရံ မိမိ၏ပညာ အစွမ်းအစများ အပေါ်တွင်လည်းကောင်း တင်ထားတတ်ကြသည်။ ထိုသို့ ဖြစ်ရခြင်းအကြောင်းမှာ ဘုရားသခင်ကို သိသင့်သလောက် မသိသောကြောင့် ဖြစ်သည်။ ဘုရားကို စိတ်မချသောကြောင့် ဖြစ်သည်။ ထိုဘုရားက မိမိကို မည်မျှလောက် ချစ်မြတ်နိုးပြီး၊ မည်မျှလောက် တာဝန် ယူသည်ကို သိနားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းပြီ ဆိုပါက မိမိ၏ ပြဿနာ အခက်အခဲများ အတွက် ထိုဘုရားသခင်ကိုသာ ယုံကြည်အားကိုးတော့ မည်ဖြစ်သည်။ ထိုသို့ ယုံကြည်ခြင်းဖြင့် ထိုဘုရားသခင် ပေါ်တွင် ရပ်တည် လိုက်ပြီဆိုပါက သင်၏ ပြဿနာ အခြေအနေများ မည်ကဲ့သို့ ရင်ဆိုင်ကြုံတွေ့ရသည် ဖြစ်ပါစေ အရှုံး မရှိတော့ပါ။
စစ်မှန်သော အားပြည့်ခြင်း
    ဘုရားသခင် ဆိုတာ ဘုရားဘဲ ဖြစ်ပါတယ်။ ဘုရားဆိုတာ လူမဟုတ်ပါ။ ဘုရားဆိုတာ ဖန်ဆင်းရှင်သာ ဖြစ်ပါ တယ်။ ရှိပြီးသားအရာကို ထပ်မံ ပြင်ဆင်လုပ်ဆောင် သောသူသည် ဖန်တီးရှင် သာဖြစ်သည်။ ဖန်ဆင်းရှင်ဆို သည်မှာ မည်သည့်အရာမျှ မရှိသောအရာထဲတွင် တန်ခိုးတော်ကို အသုံးပြုပြီး အမှန်တကယ် ရှိလာအောင် ဆောင်ရွက်သော အရာကို ဖန်ဆင်းရှင်ဟု ခေါ်ပါသည်။ ဘုရားသခင် သာရှိလျှင် အားလုံးအဆင်ပြေပါသည်။ ထိုဘုရားသခင်သည် ရှိပြီးသားအရာကို တစ်ခု မျှ အခြေမခံဘဲ လိုအပ်သည့် အချိန်မှာ လိုအပ်သလို လုပ်ဆောင်ပေးနိုင်သော အရည်အချင်းကို ပိုင်ဆိုင်ထားသောသူ ဖြစ်သည်။ ကျွန်ုပ်တို့ ကိုးကွယ်သောဘုရားသည် အရာခပ်သိမ်းကို ဖန်ဆင်း သော ဖန်ဆင်းရှင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အရာခပ်သိမ်းကို ဖန်ဆင်းသော ဖန်ဆင်းရှင်ပေါ်တွင် သင်နှင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တည်ဆောက်ထားရန် တိုက်တွန်းလိုပါသည်။
    သင့်ဘ၀ထဲတွင် မည်သည့်အကြောင်းကြောင့် အားငယ်နေပါသနည်း။ ဟေရှာယ ၄၀း၃၁ တွင် ဘုရားကို မျှော်လင့်သောသူတို့သည် အားပြည့်ကြလိမ့်မည်ဟု ဖေါ်ပြထားပါသည်။ ပိုက်ဆံရှိ၍ အားပြည့်ခြင်း၊ ဂုဏ်ရှိ၍အား ပြည့်ခြင်း၊ အပေါင်းအသင်းကို မှီ၍ အားပြည့်ခြင်း၊ အစရှိသည် တို့သည် အမှန်တကယ်အားပြည့်ခြင်း ဟုတ်ပါသလား။ ဘုရားသခင်ကို ကြည့်ရှု မျှော်လင့်ပြီး အသက်ရှင်သော သူတို့သာလျှင် အမှန်တကယ် အားပြည့်သော သူများဖြစ်ကြပါသည်။ ထိုသူတို့ ကိုသာ ဘုရားသခင်ကို သိကျွမ်းသောသူ ဟု ခေါ်ပါသည်။ သင်ကိုယ်တိုင် ဘုရားသခင်ကို သိကျွမ်းသောသူ ဖြစ်ပါစေ။
Sep 17, 2018
အိန္ဒိယနိုင်ငံကို သာသနာပြုခဲ့သူ ၀ီလီယံကယ်ရီ
ဝီလီယံကယ်ရီ (၁၇၆၅-၁၈၃၄)
    တဲအိမ်ကုတ်လေး အတွင်း ဘိနပ်ဟောင်းများကို ချုပ်နေသော လူငယ်လေး ဝီလီယံ ကယ်ရီကို သင်မြင် တွေ့ခဲ့လျှင် နောင်အခါ ကျမ်းစာကို ကမ္ဘာဘာသာ စကားပေါင်း များစွာ၏ သုံးပုံတစ်ပုံသို့ ဘာသာပြန် ပေးသော သာသနာပြုလုပ်ငန်း၏ ဖခင်ကြီးဖြစ်လာမည်ဟု လုံးဝ ထင်မြင်ခဲ့မည် မဟုတ်ချေ။
ကလေးဘဝ
    ကလေးဘဝ၌ပင် ဇွဲလုံ့လရှိသူဖြစ်ကြောင်း ထင်ရှားခဲ့သည်။ စွန့်စားရသော အလုပ် ကို သူအမြဲ နှစ်သက် ခဲ့၏။ တစ်ချိန်က ငှက်သိုက်ကို စူးစမ်းရန် သစ်ပင်ပေါ်တတ်ရင်း ခြေ ချော် လိမ့်ကျခဲ့၏။ ကိုယ်ပေါ်၌ ခြစ်ရှရာ ဒဏ်ချက် များဖြင့် အိမ်ပြန်ခဲ့၏။ သူ၏ မိခင်က ဒဏ်ရ များကို ဆေးထည့် ပတ်တီး စည်းပေးပြီး ကုတင် ပေါ်တွင် လဲလျောင်း နားစေခဲ့သည်။ သို့သော် သူသည် အလွယ်တကူနှင့် အလျော့ ပေးတတ်သူ မဟုတ်ချေ။ မိခင်အလစ်တွင် အပြင် ထွက်သွားရာ သူမသတိရ၍ ကြည့်လိုက် သောအခါ လက်ထဲ၌ ငှက်သိုက် ကိုင်လျက် ပြန်လာ နေသော သားကို တွေ့လိုက်ရသည်။
    ဝီလီယံသည် အားကစားနှင့် ခရီးသွား ခြင်းကို နှစ်သက်သည်။ သူအနှစ်သက်ဆုံး သူရဲကောင်းမှာ ကိုလံဘတ်ဖြစ်ပြီး ထိုသူ၏ အကြောင်းကို မကြာခဏ ပြောခဲ့ပေလိမ့်မည်။ ထို့ကြောင့်လည်း သူ့အား အခြား ကလေးများက “ကိုလံဘတ်” ဟု ချစ်စနိုး ခေါ်ခဲ့ကြခြင်း ဖြစ်ပေသည်။ သူသည် ပတ်ဝန်းကျင် သဘာဝကို နှစ်သက် မြတ်နိုးပြီး လယ်ကွင်း ပြင်၌ တွေ့ခဲ့သော သစ်ပင်များ အင်းဆက်ပိုးများ၊ ငှက်ကလေးများကို ရွေးချယ် စုဆောင်းပြီး လေ့လာသည်။ ထိုအရာ များထက် စာပေများကို သူနှစ်သက် အမြတ်နိုးဆုံးဖြစ်သည်။ အထူး သဖြင့် ခရီးသွား မှတ်တမ်းနှင့် စွန့်စားခန်းများ အကြောင်းပါသော စာအုပ်များ ဖြစ်၏။ သူသည် ဘာသာ စကားများကို လေ့လာရန်လည်း စိတ်ဝင်စားခဲ့သည်။ ကလေးဘ၀၌ပင် လက်တင် ဘာသာ စကားကို စတင် လေ့လာခဲ့၏။
ဘိနပ်ချုပ်သမားဘဝ
    အသက် (၁၂) နှစ်အရွယ်တွင် ကျောင်းထွက် ရသည်။ အသက် (၁၄) နှစ်အရွယ်တွင် ဖခင်ဖြစ်သူက ဘိနပ်ချုပ် သမား တစ်ဦးထံတွင် အပ်နှံကာ ဘိနပ်ချုပ် အတတ် ပညာကို သင်ယူ စေခဲ့သည်။ ထိုအချိန်က သူသည် ဘာသာရေး၌ စိတ်ဝင်စားမှု လုံးဝမရှိချေ။ သူသည် အသင်း တော် သံစုံ သီချင်း အဖွဲ့၌ ပါဝင် သီဆိုခဲ့ပြီး ကောင်းမွန်သော ခရစ်ယာန် အိမ်ထောင် ၌ကြီး ပြင်းခဲ့သော်လည်း တခါတရံ အခြား သူငယ်ချင်း များနှင့် ပေါင်းသင်ကာ ဆဲရေးတိုင်း ထွာခြင်း၊ မုသာပြောခြင်း၊ ညစ်ညမ်းသော ပုံများပြောခြင်း ပြုခဲ့၏ သို့သော်လည်း သူနှင့် အတူ ဘိနပ်ချုပ် သင်သူတစ်ဦးဖြစ်သော ၀ါး (Warr) ၏ ပုံသက်သေ ကောင်းကြောင့် မကြာခဏ သြတ္တပ္ပစိတ် မကြည်မလင်ဖြစ်ကာ စတင်၍ ဆုတောင်း တတ်လာ၏။ တစ်နေ့ အလုပ်ရှင်၏ ငွေတစ်သျှီလင် (Shilling) ကို သုံးမိသောကြောင့် ဖမ်းဆီးပြီး လူပုံအလယ်၌ အရှက်ခွဲခံခဲ့ရ၏။ ဤဖြစ်ရပ် အားဖြင့် နှိမ့်ချစိတ် ဖြစ်စေခဲ့ပြီး စိတ်နှလုံး၌ ဘုရားသခင်၏ အမှုဆောင် အလုပ်လုပ်ရန် ပိုမိုလွယ် ကူစေခဲ့သည်။ မိမိသည် အပြစ်သား ဖြစ်ကြောင်း သိလာ သည်။ သင်းအုပ် ဆရာက “လူတစ်ဦးသည် ဘုရားကျောင်း တတ်ခြင်း၊ ကောင်းစွာ အသက် ရှင်ခြင်းဖြင့် ခရစ်ယာန် မဖြစ်နိုင်။ ခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင် အဖြစ် ယုံကြည်လက် ခံခြင်းဖြင့်သာ ခရစ်ယာန် ဖြစ်ကြောင်း ရှင်းပြခဲ့၏။ ထိုဖြစ်ရပ် အားလုံးက သူအသက်တာကို ဆောက်တည် ရာမရ (နေမထိ၊ ထိုင်မသာ) ဖြစ်စေပြီး နောက်ဆုံး ဒူး ထောက် လျက် ခရစ် တော်ကို လက်ခံကာ အသက်တာ ပြောင်းလဲသွားခဲ့၏။
    သူသည် ဘိနပ်ချုပ်လျက်ပင် အင်္ဂလန်ပြည်၊ မူလတန် (MOULTON) ရပ်ကွက် အသင်းတော်၌ သင်းအုပ် ဆရာ အဖြစ် လုပ်ဆောင်ခဲ့၏။ ကျွန်ုပ်ရဲ့ အလုပ်မှာ ခရစ်တော်ရဲ့ နိုင်ငံတော် ကျယ်ပြန့်ရေး ဖြစ်တယ်။ ဘိနပ်များ ချုပ်ခြင်း၊ ပြင်ခြင်းသည် စားဝတ်နေရေး အတွက် ဖြစ်ပါတယ်။” ဟု သူပြောလေ့ ရှိ၏။ သူနံဘေးတွင် စာအုပ် အမြဲထားကာ ဘိနပ်ချုပ်ရင်းနှင့် စာဖတ်နေတတ်၏။ ဤနည်းဖြင့် ဂရိနှင့် လက်တင် ဘာသာ စကားကို လေ့လာခဲ့၏။ ဟေဗြဲ၊ ပြင်သစ်၊ အီတလီ၊ ဒတ်ခ်ျ ဘာသာစကားများကိုလည်း လေ့လာ၏။ ဟေဗြဲ ဘာသာစကား လေ့လာရန် (၉) မိုင်ခန့် လမ်းလျှောက်၍ ဆရာဖြစ်သူထံ သွားရ၏။
အမှုတော်ဆောင်ဘဝ
    ထိုအချိန်က ဝီလီယံ ကယ်ရီသည် ကပ္ပတိန်ကုတ်(ခ) (CAPTAIN COOK) ရေးသား သော ပင်လယ်ခရီး စာအုပ်ကို ဖတ်ပြီး တောင်ဘက် ပင်လယ်ကျွန်းများရှိ ထောင်ပေါင်း များ စွာ သော လူများထံသို့ ဧ၀ံဂေလိ တရား ဟောရန် စိတ်ဖြစ်ပေါ်ခဲ့၏။ သူ့အလုပ်ရုံမှ သံမှိုနှင့် ချိတ်ဆွဲ ထားသော အိမ်လုပ်ကမ္ဘာမြေပုံပေါ်၌ သူဖတ်ရှု ခဲ့ရသော တိုင်ပြည်များ၏ အကြောင်း နှင့် လူဦးရေကို ရေးမှတ်ထားခဲ့သည်။ နံနက်တိုင်း သူ၏ ခုံတန်းလျား (ခုံရှေ) နားတွင် ဒူးထောက်၍ ကမ္ဘာ့မြေပုံကိုကြည့်ကာ ခရစ်တော် မရသေးသော တိုင်းနိုင်ငံများ အတွက် ဆုတောင်း လေ့ရှိ၏။ ဤသို့ဖြင့် ဧ၀ံဂေလိတရားကို တစ်ခါမျှ မကြား ဘူးသေးသူ များထံ သတင်း ကောင်း ရောက်ရန် စိတ်နှလုံးတွင် အမြဲတစေ စိုးရိမ်ပူပန်စိတ် ရှိခဲ့ပေသည်။
    သူသည် အခြားသော အမှုတော်ဆောင်များအား သာသနာပြု များ၏ လိုအပ်ချက် များကို ပြောခဲ့ပြီး ခရစ်တော် အကြောင်း တစ်ခါမျှ မကြားဘူးသေး သူများအတွက် ဆုတောင်း ရန် ဆုတောင်းအဖွဲ့ ဖွဲ့စည်းခဲ့၏။ ထို့အပြင် “သာသနာပြုများ၏ လိုအပ်ချက်များ” ကိုလည်း ရေးသားခဲ့၏။ အမှုတော်ဆောင်များ အစည်းအဝေး တစ်ခု၌ အယူ လွဲကာ ကိုးကွယ်မှု မှား ယွင်း နေသူများနှင့် ပတ်သတ်၍ စိုးရိမ်ပူပန် ကြောင့်ကြကြောင်း ပြောဆိုခဲ့ပြီး အမှုတော် ဆောင်များ၌လည်း တာဝန်ရှိကြောင်း တိုက်တွန်းနှိုးဆော် ခဲ့၏။ ထိုအချိန်၌ အသက်ကြီး သော အမှုတော်ဆောင် တစ်ဦးက “လူကလေး” ငြိမ်ငြိမ်နေစမ်း၊ ဘုရားသခင်က လူတွေ ပြောင်း လဲစေချင်ရင် ငါတို့အကူအညီ မပါဘဲ သူ့ဖာသာ လုပ်လိမ့်မယ်။” ဟု အော် ဟစ်ပြော ဆိုခဲ့၏။ အခြားသော အမှုတော်ဆောင်များ အားလုံးရှေ့၌ ကယ်ရီသည် နှိမ့်ချခြင်းကို ခံခဲ့ရ၏။ သို့သော်လည်း ငယ်စဉ်အခါက ရခဲ့သော အတွေ့အကြုံကြောင့် စိတ်ဓါတ်မကျဘဲ ရပ်တည်နိုင်ခဲ့သည်။
    (၁၇၉၀) ခုနှစ်၌ ကယ်ရီသည် သိက္ခာတော်ရ ဆရာဖြစ်လာခဲ့သည်။ (အခြားသော) ဘုရားသခင်၏ လူများအကြား၌ ထင်ရှား ကျော်ကြားလာခဲ့၏။ (၁၇၉၂) ခုနှစ်၌ နှစ်ခြင်း အမှုတော်ဆောင်များ နှစ်ပတ်လည် အစည်း အဝေး၌ သူ့အား တရားဟောခွင့် ပေးခဲ့၏။ ထိုအချိန်က သူဟောပြောခဲ့သော တရား၏ အဓိက အကြောင်းမှာ “ဘုရားသခင်ထံမှ ကြီးမား သော အရာများ မြှော်လင့်ပါ။ ဘုရားသခင်အတွက် ကြီးမားစွာ လုပ်ဆောင်ရန် ကြိုးပမ်းပါ။” ဟူ၍ ဖြစ်၏။ ဤအချက်သည် သူ၏အဓိက ဆောင်ပုဒ်ဖြစ်ခဲ့၏။
အိန္ဒိယပြည်၌ ကယ်ရီ၏အသက်တာ
    ကယ်ရီအတွက် သာသနာပြုသွားရန် လမ်းပွင့်ခဲ့ပြီ။ သို့သော် သူဘယ်ကို သွားသင့် သလဲ။ တောင်ပင်လယ် ကျွန်းများနှင့် အနောက် အာဖရိကတိုက်သို့ သွားရန် သူစဉ်းစားခဲ့၏။ သို့သော် ကယ်ရီအား အိန္ဒိယသို့ သွားရန် ဘုရားသခင် အကြံ အစည်တော် ရှိတော်မူခဲ့၏။ ထို့ကြောင့် အိန္ဒိယ၌ နေခဲ့ဘူးသော ဒေါက်တာ သောမတ်(စ်) အားဖြင့် အိန္ဒိယပြည်သို့ သာသနာ ပြုသွားရန် ဆုံးဖြတ်ခဲ့၏။ အသစ် ဖွဲ့စည်းထားသော သာသနာပြု အသင်းကြီး၏ ဥက္ကဌဖြစ်သူနှင့် အခြားသော ညီအစ်ကိုမောင်နှမ အနည်းစုက ကယ်ရီအ တွက် ဆုတောင်းခြင်း အားဖြင့် လည်းကောင်း၊ ငွေကြေး အားဖြင့်လည်းကောင်း၊ ကူညီရန် ကတိပြုခဲ့ကြ၏။ သာသနာပြု အနေဖြင့် အိန္ဒိယပြည်သွားရန် ဆုံးဖြတ်စဉ်က ကယ်ရီ၏အသက် မှာ (၃၃) နှစ်မျှ သာ ရှိသေး၏။
    အိန္ဒိယ သွားရန် ပြင်ဆင်ခြင်းနှင့် အခြား အကြောင်းရင်း များကြောင့် အနည်းငယ် ကြန့်ကြာခဲ့ပြီးမှ (၁၇၉၃) ခု၊ ဇန်လ (၁၃) ရက် နေ့တွင် ကယ်ရီနှင့် သူ၏ မိသားစု၊ ဒေါက်တာ သောမတ်(စ်) တို့ အိန္ဒိယ ပြည်သို့ ရေလမ်းခရီးဖြင့် သွားခဲ့ကြသည်။ ခရီးစဉ်၌ အခက်အခဲ အမျိုးမျိုး တွေ့ကြုံခဲ့ပြီး၊ နိုဝင်ဘာလတွင် အိန္ဒိယပြည် ကာလ ကတ္တာမြို့သို့ ဆိုက်ရောက်ခဲ့ သည်။ ကယ်ရီနှင့်အတူ သူ၏ဇနီး၊ ကလေး (၄) ယောက်၊ ခယ်မ/မရီး တို့ အတူ လိုက်ပါခဲ့ ကြသော်လည်း အိန္ဒိယ လူမျိုးများ၏ ၀ိညာဉ်အတွက် တစ်ယောက်မျှ စိတ်မ၀င်စား ကြချေ။ ကယ်ရီ၏ မိတ်ဆွေများနှင့် ဆွေမျိုးများက ငွေအနည်းငယ်နှင့် အခြားတိုင်းနိုင်ငံတွင် သွားရောက် နေထိုင်ခြင်းကြောင့် သူ့အား ရူးနေပြီဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် ကယ်ရီ သည် အလွန် စိတ်အား ထက်သန်ပြီး မျှော်လင့်ချက်လည်း ရှိခဲ့သည်။ အိန္ဒိယပြည်မှ လာစဉ် ပင်လယ်ခရီး၌ သဘောင်္ပေါ် တွင် ဘင်္ဂါလီ စကားကို စတင် လေ့လာခဲ့၏။ နောင်အခါ ဟိန္ဒူ စတန်နီ၊ မာရတီနှင့်  ပါဠိ ဘာသာ စကားများကို သင်ယူခဲ့သည်။ အိန္ဒိယပြည်သို့ ရောက်ပြီး မကြာမီပင် အိန္ဒိယ လူမျိုးများကို စတင်က တရား ဟောခဲ့ပြီး သမ္မာကျမ်းစာကို ဘင်္ဂါလီ ဘာသာဖြင့် ပြန်ဆိုခဲ့၏။ ဘုရားသခင်သည် ဤအမှုတော် မြတ်ကြီးအတွက် သူ့အား ဘာသာ စကားများကို နှစ်သက် မြတ်နိုးစိတ် ရှိစေရန် ပြင်ဆင်တော် မူခဲ့သည်။
    အိန္ဒိယပြည်၌ ရောက်ပြီး တနှစ်အတွင်း မိသားစုအားလုံး တစ်ယောက်ပြီး တစ် ယောက် ဖျားနာခဲ့ ကြသည်။ အသက် (၅)နှစ် အရွယ် သားဖြစ်သူ ပီတာသည် ဖျားနာရောဂါ ဖြင့် အသက် ဆုံးပါးခဲ့သည်။
    သချ င်္ိုင်းတွင်း တူရန် မည်သူမျှ ဆန္ဒမရှိသောကြောင့် ဖျားနာနေသည့်အကြားမှ ကယ်ရီ ကိုယ်တိုင် တူးခဲ့သည်။ နောက်မှ အစေခံနှစ်ဦး ရောက်ရှိလာခဲ့ပြီး ကူညီသောကြောင့် ကယ်ရီ ခမျာ ကျေးဇူးတင်က ငိုလု နီးပါး ဖြစ်ခဲ့သည်။
    ကယ်ရီသည် စားဝတ်နေရေး အတွက် မဲနယ်စက်ရုံ မန်နေဂျာ လုပ်ကိုင်ခဲ့သည်။ သမ္မာကျမ်း ပုံနှိပ်ရန် ပုံနှိပ်စက် တစ်လုံး ရှိခဲ့၏။ နောင်တွင် မဲနယ်လုပ်ငန်း မအောင်မြင် သဖြင့် ထိုအလုပ် လက်လွှတ်ခဲ့ရပြီး ပုံနှိပ်စက် မှာလည်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့၏။ သို့သော်လည်း ဤအရာများက သူ့အား စိတ်ဓါတ် ကျအောင် မတတ် စွမ်းနိုင် ခဲ့ချေ။ သူ့ကိုယ်သူ မေးသော မေးခွန်းမှာ “အိန္ဒိယပြည်ကို ငါဘယ်လို ကူညီမလဲ” ဟူ၍ ဖြစ်၏။
ကယ်ရီအား ဘုရားသခင် စတင်အသုံးပြုပုံ
    ခုနှစ်နှစ်မျှ ပင်ပန်းစွာ လုပ်ဆောင် ခဲ့ရပြီးနောက် ပထမဦးဆုံး ယုံကြည် လာသော လက်သမားတစ်ဦး ဖြစ်သူ ခရစ်ရှနူးပါ(လ်) အား ဗတ္တိဇံ မင်္ဂလာပေးခဲ့၏။ ထိုသူသည်လည်း ခရစ်ယာန် ဖြစ်လာ ခြင်းကြောင့် များစွာ ဆင်းရဲ ဒုက္ခခံရသော်လည်း သစ္စာရှိရှိ အသက်ရှင်ပြီး လူများစွာကို ခရစ်တော်ထံ ပို့ဆောင်ခဲ့သည်။
    ၁၇၉၈ ခုနှစ်တွင် ကယ်ရီနှင့်အတူ ပါဝင်ရန် အင်္ဂလန်ပြည်မှ လူ (၄) ဦး ရောက် လာ၏။ သူတို့သည် ဆေရမ်ပို (Serampore) အရပ်၌ သာသနာပြု ဗဟိုဌာန တည်ဆောက် ခဲ့ပြီး အိန္ဒိယပြည် အရပ်ရပ် သို့သွားကာ ခရစ်တော် အကြောင်း ဟောကာ စာသင်ကျောင်း များလည်း ဆောက်လုပ် ပေးခဲ့ကြ၏။ သူတို့၌ ကျမ်းစာ၊ နှုတ်ကပတ်တော် ဆိုင်ရာ စာအုပ် လေးများ ပုံနှိပ်ရန် ပုံနှိပ်စက်ကြီး တစ်ခုလည်း ရှိခဲ့၏။
    ၁၈၀၀ ပြည့်နှစ်တွင် ကယ်ရီသည် ဆေရမ်ပို ကောလိပ်ကို တည်ထောင်ခဲ့၏။ မိဘမဲ့ ဂေဟာ တစ်ခုနှင့် အနာကြီး ရောဂါသည် (နူနာ) ဆေးရုံ တစ်ဆောင်ကို လည်း တည်ထောင်ခဲ့ သည်။ အိန္ဒိယပြည်၌ (၂၂) နှစ် နီးပါး နေခဲ့ပြီး (၁၈၁၅) ခုနှစ်၌ ကယ်ရီအားဖြင့် ယုံကြည်သူ (၇၆၅) ဦး ရှိခဲ့၏။ သူမသေဆုံးခင် အိန္ဒိယ၌ အသင်းတော် (၂၆) ပါး တည်ထောင်ခဲ့၏။
    ကယ်ရီအား ကလကတ္တားရှိ အစိုးရ ကျောင်း၌ ဘင်္ဂါလီ ပါမောက္ခအဖြစ် ခန့်အပ်ခဲ့၏။ နောင်အခါ သူသည် ထိုကောလိပ်၌ မာရတိနှင့် ပါဠိ ဘာသာစကား တို့ကိုပါ သင်ကြားပေးခဲ့၏။ ပါမောက္ခ အနေဖြင့် နှစ်ပေါင်း (၃၀) တာဝန်ထမ်းဆောင်ခဲ့ပြီး ရရှိသော လစာအများစုကို ဘုရားသခင်၏ အမှုတော် မြတ်ကြီး အတွက် ပါဝင်ခဲ့ပြီး မိမိအတွက် အနည်း ငယ်မျှသာ အသုံးပြုခဲ့သည်။
    (၁၈၀၀) ပြည့်နှစ်တွင် ဓမ္မသစ်ကျမ်းကို ဘင်္ဂါလီ ဘာသာသို့ ပြန်ဆိုပြီး၏။ မသေဆုံးမီ သမ္မာ ကျမ်းစာ တစ်အုပ်လုံးကို ဘာသာ စကား (၂၀) နီးပါးမျှ ပြန်ဆိုနိုင်ခဲ့ပြီး အရှေ့တိုင်း ဘာသာ စကားဖြင့် ဓမ္မသစ် ကျမ်းကို ဘာသာ စကား (၄၀) ကျော် ပြန်ဆိုခဲ့သည်။ ထို့ကြောင့် သူ့အား ကမ္ဘာတစ်ခုလုံး၏ သုံးပုံ တစ်ပုံအတွက် သမ္မာကျမ်းကို ဘာသာပြန်ပေးခဲ့သူ ဟု ပြောစမှတ်ပြုကြပေသည်။
    ကယ်ရီ အားဖြင့် အစိုးရက ပြန်လည်ပြုပြင်သော ဥပဒေတစ်ရပ်မှာ “သေဆုံးသူ ခင်ပွန်းသည် အလောင်းကို မီးရှို့စဉ် ထင်ပုံထဲသို့ အသက်ရှင် နေသော ဇနီးကိုပါ ထည့်ရှို့ခြင်း ကိုတားမြစ်သော ဥပဒေ” ဖြစ်သည်။ ဂင်္ဂါမြစ် ထဲသို့ ကလေးသူငယ်များ ပူဇော်ရန် ဆက်သခြင်း ကို ရပ်ဆိုင်း ရန်လည်း သူ့၌ တာဝန်ရှိ ခဲ့ပေသည်။
    ဤမျှလောက် ပြောင်မြောက် အောင် စွမ်းဆောင်နိုင် ခဲ့သော်လည်း သူသည် တာဝန် ကျေရုံမျှသာ ပြုသော အစေခံ တစ်ယောက် ကဲ့သို့ မိမိကိုယ်ကို အမြဲမှတ်ယူပြီး အနည်းငယ်မျှ သာ အသုံးဝင် သောသူ ဖြစ်သည်ဟု ပြောခဲ့ပေသည်။ သူ၏ နောက်ဆုံးနေ့ရက် များအတွင်း သူရောက်ခဲ့သော မိတ်ဆွေ တစ်ယောက်အား “ငါသေ တဲ့အခါ ဒေါက်တာ ကယ်ရီအကြောင်း ဘာမျှ မပြောပါနဲ့။ ဒေါက်တာ ကယ်ရီရဲ့ ကယ်တင်ရှင် အကြောင်း ကိုသာ ပြောကြပါ” ဟု မှာခဲ့ ပေသည်။
    ဘင်္ဂါလီ ဘာသာဖြင့် သူဘာသာ ပြန်ထားသော ဘင်္ဂါလီ ဓမ္မသစ် ကျမ်းကို (၈) ကြိမ် မြောက် ပြန်လည် တည်းဖြတ်ပြီး အသက် (၇၂) နှစ်တွင် “ငါ့အလုပ်ပြီးပြီ” လုပ်စရာ မရှိတော့ ဘူး။ ဘုရားသခင် အလိုတော်ကို စောင့်ရန်သာ ရှိတော့တယ်။” ဟု ပြောခဲ့သည်။ (၂) နှစ်ကြာ ပြီးနောက် (၁၈၃၄) ခုနှစ်၊ ဇွန်လတွင် သူကွယ် လွန်ခဲ့ပြီး ခန္ဓာကို သူချစ်ခင် မြတ်နိုးသော အိန္ဒိယပြည် ၌ပင် မြှတ်နှံခဲ့ပေသည်။ သူသည် သူ၏မိခင် တိုင်းပြည် သို့ တစ်ခါမျှ မပြန်တော့ဘဲ အိန္ဒိယပြည်၌ (၄၁) နှစ်မျှ အမှုတော် မြတ်ကို ဆောင်ရွက်ခဲ့ရ အသီး အပွင့်များသည် ယနေ့တိုင် ကျန်ရစ် လျက်ရှိပြီး သူ့အား “ခေတ်သစ် သာသနာပြု လုပ်များ၏ ဖခင်ကြီး” ဟု ခေါ်ထိုက် ပေသည်။
PDF ဖိုင်ဖြင့် ရယူလိုပါက ဒေါင်းလုပ် ရယူပါ။
http://zipansion.com/3rut0
 ဆရာ ဦးအုန်းမြင့်၏ လက်ဝါး ကပ်တိုင်တော်၏ အစေခံများ  (Servants Of the Cross) စာအုပ်မှ ကူးယူ ဖော်ပြပါသည်။ 
Sep 12, 2018
အာဗြဟံ၏ ကိုးကွယ်ခြင်း စံပြပုံစံ
အခြေပြုကျမ်း - ကမ္ဘာဦး ၂၂း၁-၁၉
နိဒါန်း
ယနေ့ ခရစ်ယာန်ကမ္ဘာတွင် စစ်မှန်သော ၀တ်ပြုကိုးကွယ်ခြင်း အကြောင်းကို သိရှိသူ အနည်းငယ်သာ ရှိပါလိမ့်မည်။ ချားလ်စတန်လေက တခါတုန်းက ပြောဘူးပါသည်။ ခရစ်ယာန်အများစု၊ အသင်းတော် အများစု သည် စစ်မှန်သော ၀တ်ပြုကိုးကွယ်ခြင်း အကြောင်းကို မသိကြပါ။ ကျွန်ုပ်တို့သည် အသင်းတော်သို့ သွား ပါသည်။ သို့သော် စစ်မှန်သော ၀တ်ပြုကိုးကွယ်မှုတော့ မပြုကြပါ။ ကျွန်ုပ်တို့သည် ဂုဏ်တော် သီချင်းများ သီဆိုကြသည်။ သို့သော် စစ်မှန်သော ၀တ်ပြု ကိုးကွယ်မှုတော့ မပြုလုပ်ကြပါ။ ကျွန်ုပ်တို့သည် တရား ဒေသနာများကို နားထောင်ကြသည်။ သို့သော် စစ်မှန်သော ၀တ်ပြု ကိုးကွယ်မှုများ ကိုတော့ မပြုလုပ်ကြပါ။ အထက်ပါ အချက်အလက် များသည် ၀တ်ပြု ကိုးကွယ်ခြင်းတွင် ပါဝင် အရေးကြီးသော အရာများ ဖြစ်ကြပါ သည်။ သို့သော် ထိုအရာများသည် ၀တ်ပြု ကိုးကွယ်နေသော အရာများ မဟုတ်ကြပါ။ ကျွန်ုပ်ဆိုလိုသည်မှာ သင်သည် အထက်ပါအရာများကို အားလုံး တတ်ကြွစွာ လုပ်ဆောင်နေသည့် တိုင်အောင် ထိုအရာများသည် ၀တ်ပြုကိုးကွယ်မှုများ မဟုတ်ကြပါ။ ထိုအရာများသည် ဝတ်ပြု ကိုးကွယ်ခြင်း၏ အစိတ်အပိုင်းများသာ ဖြစ် ကြပါသည်။ ကျွန်ုပ်တို့ ခရစ်ယာန်များသည် ၀တ်ပြု ကိုးကွယ်မှုများ အတွက် ၀တ်ပြုကိုးကွယ်ခြင်း ဆိုသည့် အဓိပ္ပါယ်ကို မှားယွင်းစွာ အနက်ဖွင့်ဆိုနေကြသည်။
သင်သည် တရား ဒေသနာများကို သော်လည်းကောင်း၊ အသင်းတော်၏ အစီအစဉ် များကို သော်လည်း ကောင်း၊ ဂုဏ်တော် သီချင်းများကို သော်လည်းကောင်း၊ ကြိုက်နှစ်သက်ကောင်း ကြိုက်နှစ်သက် ပါလိမ့်မည်။ သို့သော် ဘုရားသခင်က ထိုအရာများကို ကြိုက်နှစ်သက် ပါသလား။ အသင်းတော်များ၏ အမှားအယွင်း တစ်ချက်မှာ အသင်းတော်၏ ၀တ်ပြု ကိုးကွယ်ခြင်းကို အချိန် ကန့်သတ် ထားလေ့ရှိသည်။ တစ်ပတ်တွင် တစ်နာရီ လောက်သာ ဖြစ်လေသည်။ တစ်ခါတစ်ရံ အသင်းတော်သို့ လာေ၇ာက်သည်မှာ ဖျော်ဖြေပွဲ တစ်ခုကို လာရောက် လေ့လာ ကြည့်ရှုနေသော သဘောလောက်သာ ဖြစ်သည်။ ကျွန်တော်သည် အသင်းတော် တစ် ခုသို့ ရောက်သောအခါ  ဖွင့်လှစ်မြင်ရသည့် အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်သည်။ ကျွန်တော် သည် သင့်ကို နောက်မှီခုံတွင် သက်တောင့် သက်သာ ပျော်ရွှင်ဝမ်းမြောက်စွာ ရှိစေရန် သင့်အတွက် ပြင်ဆင် ထားသည်။ ထိုသူတို့သည် လာရောက်ချိန်တွင် သက်တောင့်သက်သာရှိပြီး သူအတွက် အဆင်ပြေ ကောင်းမွန်လျှင် ကောင်းမွန်သော ၀တ်ပြုကိုးကွယ်မှု အဖြစ် အသိအမှတ်ပြုကြ ပေလိမ့်မည်။ ကျွန်တော် တို့သည် ၀တ်ပြုကိုးကွယ်မှု အစီအစဉ် တစ်ခုလုံးကို သေချာ ပြန်လည် သုံးသပ် ကြည့်ကြပေလိမ့်မည်။ ကျွန်တော် တို့သည် ပရိတ်သတ် များအဖြစ် ကိုယ့်ကိုကိုယ် ရှုမြင်ကြပေလိမ့်မည်။ သင်းအုပ် ဆရာနှင့် အစီအစဉ် တွင် ပါဝင်ကြသူများကို ဖျော်ဖြေ တင်ဆက်သူများအဖြစ် ရှုမြင် သုံးသပ် ကြပေလိမ့်မည်။ ဘုရားသခင် ကိုယ်တိုင်က ပရိတ်သတ် တစ်ဦး ဖြစ်နိုင်ပါမလား။ ဤ၀တ်ပြု ကိုးကွယ် ဖျော်ဖြေပွဲကြီးတွင် ပါဝင်နေကြသူများ အားလုံးသည် ကိုယ့်အတွက် လုပ်ဆောင်နေကြသည်။ ကိုယ့်အတွက်ဟု ခံစားနေကြသည်။ အမှန်တကယ် ဖြစ်နေခြင်း မဟုတ်ဟု ခံစားနေ တတ်ကြသည်။ ကျွန်တော်တို့သည် မှန်ကန်သော ၀တ်ပြုကိုးကွယ်ခြင်းကို ဆောင်ရွက်လိုပါလျှင် ထိုအရာသည် ကျွန်တော်တို့အတွက် မဟုတ်ပါ။ ထိုအရာသည် ဘုရားသခင် အတွက်သာ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ၀တ်ပြု ကိုးကွယ်ခြင်း သည် ဘုရားသခင်၏  အလိုဆန္ဒနှင့် ၀တ်ပြု ကိုးကွယ် နေရသောကြောင့် ဖြစ်ပါသည်။ ကျွန်တော်တို့သည် မည်ကဲ့သို့ ၀တ်ပြု ကိုးကွယ်ရမည်ကို သင်ယူဘို့ လိုအပ်ပါသည်။
ဝတ်ပြု ကိုးကွယ်ခြင်းဆိုသော စကားလုံးကို ကျမ်းစာထဲတွင် ပထမဦးဆုံးမြင်ရသည်မှာ ကမ္ဘာဦးကျမ်း ၂၂း၅ တွင်ဖြစ်သည်။ ဤအပိုင်းတွင် ကျွန်တော်တို့သည် အာဗြဟံ အကြောင်းကို လေ့လာရမည်ဖြစ်သည်။ အာဗြဟံ သင်ပေးသောအရာများထဲမှ ကျွန်တော်တို့ သင်ယူရမည့်အရာများ ရှိနေပါသည်။
စစ်မှန်သောကိုးကွယ်ခြင်းတွင် ပါဝင်ရမည့်အရာများ
၁။ ဘုရားသခင်၏ ဖွင့်ပြခြင်း (အငယ် ၁-၂)
ဤနေရာတွင် အာဗြဟံသည် ဘုရားသခင်ကို ဝတ်ပြု ကိုးကွယ်ရန်အတွက် ဘုရားသခင် ကိုယ်တိုင်က မည်သို့ လုပ်ဆောင် ရမည်ကို ကိုယ်တော်တိုင် ဖွင့်ပြခြင်းကို ခံစားရသည်။ "သင်သည် အလွန်ချစ်သော တစ်ယောက် တည်းသော သားဣဇတ်ကို ယူ၍ မောရိပြည်သို့ သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူ့ကို မီးရှို့ရာ ယဇ်ပြု၍ ပူဇော်လော့" ဟု မိန့်တော်မူ၏။ (ကမ္ဘာ ၂၂း၂) စစ်မှန်သော ၀တ်ပြုကိုးကွယ်ခြင်း တွင် ဘုရားသခင်၏ ဖွင့်ပြခြင်း ရှိရမည်။ ထိုနေရာတွင် မိမိဘာကြိုက်သည်၊ မကြိုက်သည်က အရေး မကြီးပါ။ ကိုယ်ရေးကိုတာများ၊ မိမိ စိတ်ဝင်စားသော အရာများက အရေးမကြီးပါ။ ဘုရားသခင်၏ ဖွင့်ပြခြင်းကသာ အရေးကြီး ပါသည်။ စစ်မှန်သော ၀တ်ပြုကိုးကွယ်ခြင်းသည် ဘုရားသခင်၏ သမ္မာကျမ်းစာကိုသာ အခြေပြု ရမည်။ တေးသီချင်းနှင့် ဂုဏ်တော် ချီးမွမ်းခြင်းများ သည်လည်းကောင်း၊ သက်သေခံခြင်းများ သည်လည်းကောင်း၊ ဆုတောင်းခြင်းများ သည်လည်းကောင်း၊ တရားဟောခြင်းများသည်လည်းကောင်း နှုတ်ခပတ်တော် သမ္မာ ကျမ်းစာနှင့် အညီ ဖြစ်ရမည်။ ဝတ်ပြု ကိုးကွယ်ခြင်းတွင် အဘယ်ကြောင့် နှုတ်ခပတ်တော်သည် မရှိမဖြစ် လိုအပ်ရပါ သနည်း။ ကျွန်တော်တို့ ကိုးကွယ်သော ဘုရားမှာ ကျွန်တော်တို့ စိတ်ထင်နှင့် ကိုးကွယ် နေသော ဘုရားမဟုတ်။ တနည်းအားဖြင့် ကျွန်တော်တို့၏ စိတ်ကူးထဲက ဘုရား မဟုတ်။ ထို့ကြောင့် ကျွန်တော်တို့သည် မိမိတို့ စိတ်ထင်သည့် အတိုင်း စီရင်ကိုးကွယ်၍ မရပါ။ ဘုရားသခင်သည် ခေတ်အဆက်ဆက်တွင် မိမိကိုယ်မိမိ မည်ကဲ့သို့ ဘုရားဖြစ်ကြောင်း ဖော်ထုပ်ဖွင့်ပြခဲ့သည်။ ထိုသို့ ကိုယ်တိုင်ဖေါ်ထုပ် ဖွင့်ပြရာ၌ မည်သည့်အရာကို ကြိုက်နှစ်သက်သည်၊ မည်သည့်အရာကို မုန်းတီးသည် အစရှိသဖြင့် ဖော်ပြခဲ့သည်။ ထိုသို့ ဖော်ပြသည့်အတိုင်း ကျွန်တော်တို့က ကိုးကွယ်ရမည် ဖြစ်သည်။
ဘော်လုံးသမား တစ်ယောက်သည် ဘော်လုံးထိန်းသိမ်းမှု ကျွမ်းကျင်လာရန်နှင့် ဂိုးများများ သွင်းနိုင်ရန် ပျင်းရိမှုမရှိဘဲ နေ့စဉ် လေ့ကျင့်ရသည်။ အဆိုတော် ဖြစ်ချင်သူ တစ်ဦးသည် သီချင်းသီဆိုမှု အဖြတ် အတောက် မှန်ကန်မှုရှိစေရန်နှင့် အသံကောင်းလာရန် လေ့ကျင့်မှု ပြုလုပ်ရသည်။ စစ်မှန်သော ဝတ်ပြု ကိုးကွယ်မှု ပြုလုပ်လိုသူသည် ပျင်းရိမှုမရှိဘဲ ဘုရားသခင်၏ နှုတ်ခပတ်တော်က မည်ကဲ့သို့ ဖော်ပြ သွန်သင်ကြောင်း နေ့စဉ် ခံယူနိုင်ရန် ကျမ်းစာကို စေ့စေ့ကြည့်ရှု လေ့လာဖတ်ရှုရမည်ဖြစ်သည်။ သင်သည် တနင်္ဂနွေနေ့တွင် ဘုရားသခင် ထံမှ မည်သည့်အရာမျှ မျှော်လင့်ထားခြင်း လည်းမရှိ၊ သီချင်းဆိုခြင်းကို နားထောင်ရုံမျှသာ၊ သက်သေခံချက်ကို နားထောင်ရုံမျှသာ၊ တရားဟောချက်များကို နားထောင်ရုံမျှသာ ပြုလုပ်ခဲ့သည်ဆိုပါက သင်သည် မှန်ကန်သော ဝတ်ပြုကိုးကွယ်မှု မပြုလုပ်သေးပါဟု ကျွန်တော်ပြောလို ပါသည်။
၂။ အသက်တာပြင်ဆင်ခြင်း (အငယ် ၃)
"အာဗြဟံသည် နံနက်စောစောထ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင် မိမိသား၊ ဣဇတ်နှင့် ငယ်သား နှစ်ယောက်ကို ခေါ်၍ မီးရှို့စရာ ထင်းကို ခွဲပြီးမှ၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။" (ကမ္ဘာ၂၂း၃)
ဘုရားသခင်ထံမှ အာဗြဟံသည် ဖွင့်ပြခြင်းကို လက်ခံရယူပြီးနောက် ချက်ခြင်းပင် နာခံမှုဖြင့် ပြင်ဆင် သည်ကို တွေ့ရမည်။ သူသည် တပည့်များကိုခေါ်ရသည်။ ထင်များရရန် ခွဲရသည်၊ ခြမ်းရသည်။ အဆင်ပြေသော ထင်ချောင်များကို ရွေးယူရသည်။ မီးကိုလည်း ယူရသည်။ လိုအပ်သမျှကို ပြင်ဆင်သည် ကိုတွေ့ရသည်။ ကျွန်တော်တို့သည် အာဗြဟံကဲ့သို့ ဘုရားသခင်၏ နှုတ်ခပတ်တော်ကို ရလျှင်ရခြင်း မှန်သော ဝတ်ပြု ကိုးကွယ်မှုကို ပြုလုပ်ရန် ချက်ခြင်း ပြင်ဆင်သင့်ပါသည်။ ကျွန်တော်တို့သည် ကျမ်းစာနှင့် အညီ ၀တ်ပြု နေသည် ဆိုဦးတော့ ပြင်ဆင်မှု မရှိလျှင်လည်း အချည်းအနှီးသာ ဖြစ်သည်။ ဘောလုံးသမား တစ်ဦးသည် ဘောလုံးကန်ဘို့ အမြဲပြင်ဆင်နေရသည်။ စိတ်ဓါတ်ရေးရာ၊ သက်လုံ ကောင်းမှု၊ ကျွမ်းကျင်မှု ရှိစေရန် ပြင်ဆင်နေရသည်။
နှုတ်ခပတ်တော်ကို နားထောင်ခြင်းသည် အသက်တာ ပြင်ဆင်ရန် ရည်ရွယ်ချက် ရှိရမည်ဖြစ်သည်။ ဝတ်ပြု ကိုးကွယ်သည့် နေရာသို့ သွားရန်အတွက် အာဗြဟံက ပြင်ဆင်သည်။ ကျွန်တော်တို့သည် ဝတ်ပြု ကိုးကွယ်မည့် အသင်းတော်သို့ မသွားမှီ အများအပြား ပြင်ဆင်စရာ ရှိသည်။ အလှူငွေထည့်စရာ ပြင်ဆင်ရ မည်။ သက်သေခံ လိုသူသည် သက်သေခံမည့် အချက်အလက်များကို ပြင်ဆင်ရသည်။ ဂုဏ်တော် ချီးမွမ်းလိုသူသည် ကြိုတင် သီချင်းတိုက်ရမည်။ နှုတ်ခပတ်တော် ဟောပြောမည့် သူသည်လည်း ကြိုတင်ပြင် ဆင်ရသည်။ အချို့ အသင်းတော်များတွင် ကြိုတင်ပြင်ဆင်မှု မရှိကြသည့် အတွက် သက်သေခံပါ ဆိုလျှင် သက်သေ ခံမည့်သူမရှိ။ အချို့က သက်သေခံသည်ဟု ပြောသော်လည်း ကြိုတင်ပြင်ဆင်မှု မရှိသောကြောင့် ပြောချင်ရာ ပြောနေ ကြသည်။ အချို့က တရားဟောနေသည် ဆိုသော်လည်း နှုတ်ခပတ်တော် မပါသော ဟောပြောချက်များသာ ကြားနေရသည်။ ထို့ကြောင့် ထိုသူတို့၏ ဝတ်ပြု ကိုးကွယ်မှုများသည် ဘုန်းတော် မထင်ရှားသည့်အပြင် မြင်ရသူများ အတွက် ကဲ့ရဲ့စရာ၊ ရှုံ့ချစရာသာ ဖြစ်နေကြတော့သည်။ နှလုံးသားမပါဘဲ ဝတ်ပြုကိုးကွယ်မှု ပြုနေကြ သောကြောင့် ဘာသာခြားများ လာရောက် လေ့လာလျှင်ပင် အထင်ကြီး လေးစားဘွယ် မရှိကြချေ။
၃။ လောကအရာများနှင့် ခွဲခွာရသည်။ (အငယ် ၅)
"ငယ်သား နှစ်ယောက်တို့အား၊ သင်တို့သည် ဤအရပ်၌ မြည်းနှင့် အတူရပ်နေကြလော့။ ငါသည် သားနှင့် အတူ ထိုအရပ်သို့သွား၍၊ ကိုးကွယ်ခြင်းကို ပြုအံ့။ ထိုအမှုပြီးမှ သင်တို့ဆီသို့ ပြန်လာဦးမည်ဟု ဆိုလေ၏။" (ကမ္ဘာ ၂၂း၅)
ဘုရားသခင်၏ ဖွင့်ပြမှုကို နားမလည်သောသူများနှင့် အတူ ၀တ်ပြုကိုးကွယ်၍မရခြေ၊ ထိုသူတို့နှင့် ခွဲခြားပြီး နေထိုင်ရပါသည်။ အာဗြဟံသည် နှုတ်ခပတ်တော်မသိသော တပည့်များနှင့်ခွဲခြားပြီး သွားခဲ့သည်ကို တွေ့မြင် နိုင်ပါသည်။ ထိုငယ်သား နှုတ်ခပတ်တော် မသိသောသူများကို ဝတ်ပြု ကိုးကွယ်မည့် နေရာသို့ ခေါ်မသွားပါ။ အပြစ် ရှိသောသူများ၏ တွေးခေါ်ပုံနှင့် ကယ်တင်ခြင်း ရရှိပြီးသော သူတို့၏ တွေးခေါ်ပုံ မတူညီကြပါ။ ထိုကြောင့် ထိုသူတို့နှင့် အတူတကွ တွဲ၍ ၀တ်ပြု ကိုးကွယ်သော သူများအတွင် အခက်အခဲများ ရှိနေကြပါသည်။ ၀တ်ပြု ကိုးကွယ်ရာတွင် ငွေကြေးများကို မေ့ထားလိုက်ပါ။ အလုပ်များကို နောက်မှာထား လိုက်ပါ။ ၀တ်ပြု ကိုးကွယ်ရာတွင် အနှောက်အယှက် ဖြစ်မည့် အရာများကို မေ့ထားလိုက်ပါ။ မိမိကြိုက်နှစ် သက်သော အရာများကို မေ့ထားလိုက်ပြီး ဘုရားသခင် ကိုသာ မျက်မှောက်ပြုထားလိုက်ပါ။
 တခါတုန်က တရားဟော အလွန်ကောင်းသည့် ဟင်နီရီ ၀ါ့ဘီချာ ဆိုသည့် တရားဟော ဆရာကြီး လာရောက် လည်ပတ်မည့် သတင်းကို တမြို့လုံး ကြားသိကြပြီး ထိုဘုရားကျောင်းသို့ ရောက်ရှိ လာကြပါသည်။ သို့သော် အမှန်တကယ် တရားဟောမည့် အချိန် ရောက်သောအခါ တခြား ဆရာတစ်ဦးက တရားဟော လိုက်သောအခါ လူအချို့တို့သည် စိတ်ပျက်သွားကြပြီး ထပြန်ကြရန် ပြင်ဆင်ကြပါသည်။ ထိုအခါ တရားဟောမည့် သူလည်း အလွန် စိတ်ပျက်သွားပြီး ပြောလိုက်သည်မှာကား ဟင်နရီ ၀ါ့ဘီချာ ကို လာရောက် ၀တ်ပြု ကိုးကွယ်သော သူတို့ ပြန်နိုင်ပါသည်။ ဘုရားသခင်ကို ဆက်လက် ၀တ်ပြုကိုးကွယ် မည့်သူများ ဆက်လက် ထိုင်ပေးကြပါဟူ၍ ပြောလိုက်ပါသည်။
သင်ကြိုက်နှစ်သည့် တရားဟောဆရာထက် ဘုရားသခင်က ပိုအရေးကြီးသည်၊ သင်ကြိုက်သော ဝတ်ပြု ကိုးကွယ်ခြင်းကို ဦးဆောင်သည့် ခေါင်းဆောင် (   Worship Leader) ဖြစ်ချင်မှ ဖြစ်မည်။ ဘုရားသခင်သာ လျှင် ပိုမို အရေးကြီးပါသည်။ တစ်ခါတစ်ရံ သင်းအုပ်ဆရာက ဟောပြောသော အရာသည် သင်မကြိုက်သည့် အကြောင်းအရာ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ မေ့ထားလိုက်ပါ။ မိမိအလို ဆန္ဒကို ဦးစားမပေးပါနှင့်။ သင်သည် ထိုအရာများကို ကြိုက်နှစ်သက်ပါလိမ့်မည်။ သို့သော်ထိုအရာများကို ဦးစားပေးရန်မဟုတ်ပါ။
မိမိတို့၏ ၀တ်ပြု ကိုးကွယ်မှုအတွက် စနေနေ့ ညမှာ ကတည်းကပင် လောကအရာများနှင့် ခွဲခြားပြီး ပြင်ဆင် ထားရမည်။
၎။ ယုံကြည်ခြင်းဖြင့် ကြော်ငြာပေးရမည်။ (အငယ် ၈)
"အာဗြဟံက ငါ့သား၊ ယဇ်ရှို့စရာဘို့ သိုးသငယ်ကို ဘုရားသခင်သည် မိမိအဘို့ ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ၏။ (ကမ္ဘာ ၂၂း၈)
 အာဗြဟံသည် ဝတ်ပြု ကိုးကွယ်ရာတွင် ယုံကြည်ခြင်း ပါဝင်သည်။ ဘုရားသခင် ပြင်ဆင်ပေးလိမ့်မည်။ ယုံကြည်ခြင်း ပါသည်။ ဘုရားသခင်က မည်ကဲ့သို့ အလုပ်လုပ်မည်ကို ကြိုတင် ခံစားပေးပြီး ယုံကြည်ခြင်း အပြည့်ဖြင့် ကြွေးကြော်ခဲ့သည်။ သင်သည် ဘုရားသခင်၏ အမှုအရာများကို လေ့လာဘို့ လိုပါသည်။ ယုံကြည်ဘို့ လိုပါသည်။ ချီးမွမ်း ကိုးကွယ်ခြင်း ဆိုရာတွင် အပိုင်း (၂) ပိုင်းပါဝင်ပါသည်။ ချီမွမ်းခြင်း ဆိုသည်မှာ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများကို ကြော်ငြာခြင်း ဖြစ်သည်။ ကိုးကွယ်ခြင်း ဆိုသည်မှာ ဘုရားသခင်သည် မည်သူဖြစ်သည်ကို ကြော်ငြာ နေခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်တို့သည် မကြာခင် ကာလက ဘုရားသခင် ကျွန်တော်တို့ကို မည်ကဲ့သို့ ကျေးဇူပြုခဲ့ကြောင်း ကြော်ငြာဘူးပါသလား။ ကျွန်တော်တို့ အသက်တာတွင် ဘုရားသခင်သည် မည်ကဲ့သို့ ကောင်းကြီးပေးမည်ကို အာဗြဟံကဲ့သို့ ယုံကြည်ခြင်း ရှိနေဘို့ လိုအပ်ပါသည်။ အာဗြဟံသည် သူလိုချင်သည့် အတိုင်း ရရှိခဲ့သောကြောင့် (အခန်းငယ် ၁၄) တွင် ထိုနေရာကို လိုအပ်သမျှ ထောက်ပံ့ပေးသော အရှင်ဟူ၍ ကြော်ငြာပေးခဲ့ပါသည်။ ဆိုလိုသည်မှာ အာဗြဟံသည် သူလိုချင်သည့် အရာများကို သူယုံကြည် ကြော်ငြာခဲ့သည့်အတိုင်း ရရှိခဲ့သည်ဟု ဆိုလိုခြင်းပင် ဖြစ်ပါသည်။
၅။ ဘုရားသခင်ကို ဆက်ကပ်ရမည်။ (အငယ် ၉-၁၀)
ထိုသို့ နှစ်ယောက် အတူတူသွား၍ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ အာဗြဟံ သည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကို ခင်းပြီးလျှင်၊ သားဣဇတ်ကို ချည်နှောင်၍ ယဇ်ပလ္လင်၌ ထင်းပေါ်မှာ တင်ထား၏။ မိမိလက်ကို ဆန့်၍ သားကို သတ်ခြင်းငှါ ထားကို ကိုင်ယူလေ၏။ (ကမ္ဘာ ၂၂း၉-၁၀)
အာဗြဟံသည် တစ်ဦးတည်းသောသား ဣဇတ်ကို ဘုရားသခင်ထံ ဆက်ကပ်ခဲ့ပါသည်။ သူ့ထံတွင် သား (၁၂) ယောက်မရှိပါ။ တစ်ဦးတည်းသော သားကို ဆက်ကပ်ခဲ့ပါသည်။ ဘုရားသခင်က ကတိ ပေးထားသော သားဖြစ်ပါသည်။ ထိုသားအားဖြင့် မိမိ၏ အဆက် အနွယ်ကိုလည်း ပွားများစေမည်၊ လူမျိုးကြီး ဖြစ်စေရ မည်ဟု ကတိ ရထားသူလည်း ဖြစ်ပါသည်။ သို့သော်လည်း အာဗြဟံသည် ဘုရားသခင်ကို အလုံးစုံ ဆပ်ကပ်ထားသည်။ မိမိတွင် ဘာမျှ မရှိလျှင်လည်း ကိစ္စမရှိ။ ဘုရားသခင်၏ နှုတ်ခပတ်တော်ကို ဦးစားပေးမည်။ အသက်တာကို ဆက်ကပ်မည်။ အာဗြဟံသည် နှုတ်ဖြင့် သက်သက်သာ ဆက်ကပ်သူမဟုတ်။ မိမိဓါးကို လက်ဖြင့် မြှောက်လိုက်ပြီး အမှန်တကယ် သတ်ရန် လုပ်ဆောင်သည်။ ဝတ်ပြုကိုးကွယ် သည်ဆိုရာ၌ အမှန်တကယ် အဖိုးအခ ပေးရန် လိုအပ်ပါသည်။ စစ်မှန် သော ဝတ်ပြုကိုးကွယ်ခြင်းတွင် မိမိ၏ အကောင်းဆုံး အရာကို ဘုရား သခင်အတွက် အကောင်းဆုံး ဖြစ်ရန် ရည်ရွယ်ချက်ဖြင့် ပေးဆပ်သင့်ပါသည်။
စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းတွင် ရရှိခံစားခဲ့ရသည် အကျိုးရလဒ်
၁။ ကောင်းကြီးမင်္ဂလာ ပြန်လည်သိမ်းဆည်းခြင်း။ (အခန်းငယ် ၁၂)
ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်မပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား၊ သင်၏သား သင်၌တစ်ယောက်တည်းသောသားကို ငါတောင်း၍ သင်သည် ငါ့ကို မငြင်းဟု မိန့်တော်မူ၏။ (ကမ္ဘာ ၂၂း၁၂)
ကျွန်တော်တို့သည် အထက်တွင် အမှတ် (၁)မှ အမှတ် (၆) အထိ လေ့လာခဲ့ရာတွင် စစ်မှန်သော ဝတ်ပြု ကိုးကွယ်ခြင်းတွင် လိုအပ်သောအရာများကို လေ့လာ သုံးသပ်ခဲ့ကြသည်။ အထက်ပါ အတိုင်း အဆင့်ဆင့် ဝတ်ပြု ကိုးကွယ်ရာတွင် နောက်ဆုံး၌ ဘုရားသခင်က ပေးသော ကောင်းကြီး မင်္ဂလာကို ပြန်လည် သိမ်းပိုက် ခွင့် ရရှိခဲ့သည်ကို တွေ့ရပါသည်။ လိုအပ်သော သိုးထီး တစ်ကောင်ကိုပါ အဆစ်ထပ်မံ ရရှိခဲ့သည် မဟုတ် ပါလော။ ထိုအခြေအနေကို ခံစားကြည့်ပါ။ အာဗြဟံသည် အလွန် ဝမ်းမြောက်ခြင်းကို ခံစားရမည်မှာ ဧကန် အမှန်ပင် ဖြစ်ပါသည်။ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းဖြင့် အမှန်တကယ် ဝတ်ပြု ကိုးကွယ်နေပါက နောက်ဆုံးတွင် ဝမ်းမြောက်ခြင်းကို ပြန်လည် သိမ်းဆည်းရသည်။ ဘုရားသခင်ထံမှ ကောင်ကြီးများကို  သိမ်းဆည်း ရပါသည်။ ဣဇတ်သည် သူ၏ ဘခင်ကို ပြန်လည် သိမ်းဆည် နိုင်ခဲ့သလို အာဗြဟံ သည်လည်း သားကို ပြန်လည် ထွေးပိုက်နိုင်ခဲ့ပါသည်။ သားအဖ နှစ်ဦးစလုံးသည် ဝမ်းမြောက်ခြင်းများကို ခံစားရသည် သာမက ထိုသူနှစ်ဦးစလုံးတွင် ယုံကြည်ခြင်းကို ပိုမိုတိုးပွားစေခဲ့ပါသည်။
၆။ ကျွန်တော်တို့အတွက် ထားရှိသော ကတိတော်ကို အတည်ပြုပေးခြင်း။ (အခန်းငယ် ၁၇-၁၈)
ငါသည် သင့်အား အစဉ်အမြဲ ကောင်းကြီးပေးမည်။ သင်၏ အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့ လည်းကောင်း၊ သမုဒ္ဒရာ သဲလုံးကဲ့သို့လည်းကောင်း၊ အစဉ်အမြဲ ပွားများစေမည်။ သင်၏ အမျိုးအနွယ်သည် ရန်သူတို့၏ မြို့များကို အစိုးရလိမ့်မည်။ သင်၏ အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်ဟု ငါ၏စကားကို သင်နားထောင်သောကြောင့် ငါသည် ကိုယ်ကိုကိုယ် တိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလေ၏။ (ကမ္ဘာ ၂၂း၁၇-၁၈)
အာဗြဟံသည် မူလအစက ရရှိထားသော ကတိတော်ကို အလျှင်အမြန် ဖြည့်ဆည်းပေးရန် ဘုရားသခင် ဘက်က ပြင်ဆင် လေတော့သည်။ ဘုရားသခင်သည် သူ့ကို ဝတ်ပြု ကိုးကွယ်သော အာဗြဟံကို ကောင်းကြီး ပေးမည် ဖြစ်ကြောင်း အတည်ပြု ကြော်ငြာ ပေးခဲ့လေသည်။ အထက်တွင် ဝတ်ပြု ကိုးကွယ်သော အခြေခံ အချက်များကြောင့် အာဗြဟံသည် ကောင်းကြီး မင်္ဂလာကို ခံစားရသည်ဟု ယုံကြည်ပါသည်။ အကယ်၍ သင်သည် ယုံကြည်သူ တစ်ယောက် ဖြစ်သော်လည်း ခံစားသင့်သော ကောင်းကြီး မင်္ဂလာ တစ်စုံတစ်ရာကို ခံစားရမှု မရှိသေးလျှင် သင်၏ ဝတ်ပြုကိုးကွယ်မှု အခြေခံကို ပြန်လည် သုံးသပ် ရမည်ဖြစ်သည်။
နိဂုံး
ဤတရားဟောချက်သည် ခေတ်ကာလ အဆက်ဆက်တွင် ဝတ်ပြု ကိုးကွယ်ရာတွင် ပုံမှန် ဘုရားကျောင်းတွင် သွားရောက် ထိုင်နေရုံနှင့် လုံလောက်ပြီဟု ထင်နေသူများ အတွက် ရည်ရွယ် ရေးသားပါသည်။ နှစ်ပေါင်းများစွာ ယုံကြည်သူ တစ်ဦးအဖြစ် ဝတ်ပြုကိုးကွယ်ခြင်းတွင် ပါဝင်ခဲ့သော်လည်း မည်သည့် ထူးခြားချက်မျှ မခံစား၇သေး ဟုဆိုလျှင် အာဗြဟံကဲ့သို့ စစ်မှန်သော ဝတ်ပြု ကိုးကွယ်ခြင်းဖြင့် ဝတ်ပြု ကိုးကွယ်ခြင်းတွင် ပါဝင်မှုပြုကြပါရန် တိုက်တွန်း ဝေငှလိုက်ရပါသည်။
နာမတော်မြတ်၌
Rev. ဦးမင်းလွင်
https://www.4shared.com/s/fFliAPfWbee